Saturday, December 29, 2007

ရင်ဆိုင်လိုက်

မလုပ်မဖြစ်တဲ့ ကိစ္စတခုကို မလုပ်ချင်ဘူးဆိုပြီး
သိစိတ်ကရော မသိစိတ်ကရော နောက်ပြန်ဆွဲနေတာမျိုး
ဘယ်သူမဆို ဖြစ်ဖူးကြမယ် ထင်တယ်

အဲလိုအချိန်ဆို အကြောင်းအမျိုးမျိုးပြပြီး အတတ်နိုင်ဆုံး မလုပ်ပဲ နေချင်မိတယ်
ငါလုပ်စရာမလိုပဲ ပြီးသွားခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတတ်တယ်

ဒီအခြေအနေအတွက် နည်းလမ်းကောင်း တခုရှိတယ်။

ကိုယ်မကြိုက်တဲ့ အရာတခု
ကိုယ်မလုပ်ချင်တဲ့ အရာတခုကို အကောင်းဆုံး ရှောင်လွဲတဲ့နည်းကတော့
ရင်ဆိုင်လိုက်ပါ။
ရှောင်ပြေးမနေပဲ ရင်ဆိုင်ကြည့်ပါ။

ကိုယ်မုန်းနေတာ ဒီလောက်လဲ မဆိုးပါလား လို့ မြင်လာကောင်း မြင်လာမယ်...
လုပ်လိုက်တော့လဲ ပြီးသွားတာပဲဟလို့ ကိုယ့်ကိုယ် ကျေနပ်ကောင်း ကျေနပ်မိလိမ့်မယ်...
အနည်းဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ရုန်းကန်မနေရတော့ဘူးပေါ့။

ဒီအတွေးတစနဲ့ ၈တန်းတုန်းက သိပ်မုန်းတဲ့ သင်္ချာက
၁၀တန်းမှာ အပိုင်နိုင်ဆုံး ဘာသာရပ်တခု ဖြစ်ခဲ့ပါတယ်။

ကိုယ်မကြိုက်ဆုံး သင်ခန်းစာကကိုယ်အဖြေနိုင်ဆုံး ဖြစ်ခဲ့တယ်။

မနက်အိပ်ယာမထချင်တဲ့သူကနေ အအိပ်အနေနည်းတဲ့သူ ဖြစ်လာခဲ့ဖူးပါတယ်။

Read More...

Thursday, December 20, 2007

တယောက်ထဲလား...မဟုတ်သေးဘူး

သင်းကွဲငှက် တကောင်များလား
မဟုတ်သေးဘူး...

တယောက်ထဲ လှမ်းထွက်ခဲ့တဲ့ ခရီးတဲ့လား
မဟုတ်သေးဘူး...

ကယ်သူမဲ့ ပင်လယ်မှာ ဆယ်သူမဲ့နေပြီလား
မဟုတ်သေးဘူး...
ဒါလဲ မဟုတ်သေးဘူး...
ဒီလောက်တော့ အထီးကျန်ဆန်သူ မဟုတ်သေးဘူး။

ဒါဆို...

အတောင်ညောင်းလို့မှ နားခိုရာရော ရှိရဲ့လား
မဟုတ်သေးဘူး...

သကာလိုချိုတဲ့စကားလုံးတွေရဲ့ အတွင်းပိုင်းက ပုပ်အဲ့အဲ့ အနံ့အသက်တွေ လွင့်ပျောက်သွားပြီလား
မဟုတ်သေးဘူး...

ကြမ်းတဲ့လမ်းမှာ အပြုံးနဲ့ကြိုလှမ်းသူရော တွေ့ပြီလား
မဟုတ်သေးဘူး...
ဒါလဲ မဟုတ်သေးဘူး...
ဒီလောက်လဲ ကံကောင်းတဲ့လူ မဟုတ်သေးဘူး။

လမ်းတ၀က်မှာ နှုတ်ဆက်လှည့်ထွက်သူရယ်
ဥပက္ခာပြု လျစ်လျူရှုသူရယ်
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
ငါကတော့ ဆက်လျှောက်ရဦးမယ်...
ငါ့ကိုသယ်တဲ့ သင်္ဘောမမှောက်ခင် အထိပေါ့။...။

Read More...

Tuesday, December 18, 2007

ဒုက္ခကျောင်းတော်ကြီး

နံရိုးတွေ ချိုးပြီး နှလုံးခွဲထားရတဲ့ လူတယောက်အတွက်
လက်ဓါးရှလို့ ချုပ်ရတာက အသေးအဖွဲ ဖြစ်နေလိမ့်မယ်

တနေ့ ၁၂နာရီအလုပ်လုပ်ရတဲ့လူက တနေ့ ၈နာရီလုပ်ရလို့ ငြီးငြူနေတဲ့လူကို
တိတ်တိတ်လေး ကျိတ်ရယ်နေချင်ရယ်လိမ့်မယ်

တနေ့တနေ့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး ငြီးငွေ့လိုက်တာလို့ ပြောနေတာကို
မိုးလင်းမိုးချုပ် အလုပ်တွေရှုပ်နေရတဲ့လူက နားမလည်နိုင်အောင် ဖြစ်ရင်ဖြစ်လိမ့်မယ်

ဒါပေမယ့်
ဓါးရှတဲ့လူရော
တရက်၈နာရီလုပ်လို့ ပင်ပန်းနေတဲ့လူရော
ငြီးငွေ့စိတ်ဓါတ်ကျနေတဲ့လူရော
သူတို့ဒုက္ခသာလျှင် အကြီးဆုံးလို့ ထင်မိကြမှာပဲလေ
ဒီထက်ကြီးတဲ့ ဒုက္ခမှ မကြုံဖူးကြပဲကိုး

ဒုက္ခဆိုတာကို ထုနဲ့ထည်နဲ့ ခံထားဖူးတဲ့သူက
ဒုက္ခခပ်သေးသေးလေးတွေကို လျစ်လျူရှုလိုက်နိုင်လေ့ရှိတယ်

ဒုက္ခဆိုတာ နာကျင်မှု မဟုတ်ပဲ
ဘ၀မှာ နေပျော်စေဖို့အတွက်
စိတ်ဓါတ်ခွန်အားကို လေ့ကျင့်ပေးတဲ့ ကျောင်းတော်ကြီး လို့ တွေးလိုက်ရင်
လောကကြီးက တော်တော်ကျေနပ်စရာကောင်းသွားမှာ။...။

Read More...

ချည်တိုင်


ငါလေ...လတစင်းကို မျှော်ရသူလိုပဲ
သန်းခေါင်ယံများ ရောက်ပြီဆိုရင်
သိမ်ငယ်စိတ်နဲ့ အသက်ငင်နေပြီ။...။

ငါလေ...ပင်ပန်းလိုက်တာ
စံသတ်မှတ်ချက်နဲ့ ဆန္ဒကြား
အဝေးကပဲ ငေးကြည့်နေရတာ။...။

ငါလေ...တွေဝေနေခဲ့မိတယ်
စိတ်ကူးတွေက မ၀ံ့မရဲ
ဆုံးဖြတ်ချက်တွေကလဲ လျော့တိလျော့ရဲ။...။

ငါလေ...လွှတ်ချထားရစ်ခဲ့ချင်တယ်
ငါ့ရဲ့ချည်တိုင်ကို...
ဒါပေမယ့် ချန်ထားရစ်ဖို့ ချစ်ခဲ့တာမှ မဟုတ်ပဲနော်။...။

Read More...

Tuesday, December 11, 2007

ရွေးချယ်ခွင့်

တနေ့ကပဲ ဖတ်လိုက်ရတယ်
လူဆိုတာ ရွေးချယ်ခွင့်ရှိနေလို့သာ ရွေးချယ်နေကြတယ်...
ရွေးချယ်စရာ မရှိရင် ရှိတဲ့ တခုထဲကိုသာ မရရအောင် ယူကြမှာပဲ တဲ့...

ဘတ်စ်ကားစီးတာပဲ ကြည့်...

ကားပေါ်ရောက်လို့ ထိုင်စရာ မရှိရင် အေးဆေးပဲ...အဆင်ပြေမယ့်နေရာ ရပ်နေလိုက်ရုံပဲ...
ထိုင်စရာ တခုံထဲ ရှိရင်လဲ အဲဒီတခုံဆီ တည့်တည့်သွားလိုက်ရင် ခေါင်းရှုပ်စရာမလိုတော့ဘူး...
ထိုင်ခုံအများကြီးရှိရင်သာ ဒုက္ခရောက်ရော...
ဟဲ့...ငါရွေးတဲ့နေရာက နေပူမှာလား...မိုးရွာရင် ပြတင်းပေါက်ရော ပိတ်လို့ရပါ့မလား...
အကြာကြီးစီးရမှာဆိုတော့ ကိုယ်ဝန်သည်တွေ ဘုန်းဘုန်းတွေ သီလရှင်တွေ လာလို့ မဖယ်ပေးလဲ မကောင်း
ဖယ်ပေးရင်လဲ တောက်လျှောက်ကြီးရပ်ရမှာ
တယောက်တည်းခုံရရင် ကောင်းမယ်...ဘေးမှာ လာထိုင်မယ့် သူရှိရင် ရှုပ်နေမှာ...
မှာ...မှာ...မှာ တွေနဲ့ အနည်းနဲ့အများတော့ ပြာယာခတ်ခဲ့ကြဖူးမယ် ထင်တယ်...

ကိုယ့်ကိုယ်ပြန်ဆင်ခြင်မိတော့လဲ
အလိုလေး...ရွေးချယ်နေခဲ့တာ ၂၇နှစ်တောင် ကြာလာပြီကိုး...
ဖြစ်ချင်တာတွေက စာတမျက်နှာ မကဘူး...
ဖြစ်လာတာကတော့ စာတကြောင်းတောင် မပီနိုင်သေးဘူး...
ဖြစ်ချင်တာတွေထဲက သိပ်မဖြစ်ချင်လောက်ပါဘူးဆိုတာလေးတွေကို ဘောပင်နဲ့ ခြစ်ကြည့်လိုက်တော့
ကျန်နေသေးတယ် တော်တော်ကျန်နေသေးတယ်...

သူငယ်ချင်းတို့ရော ကိုယ်သွားနေတဲ့လမ်းကို ဘယ်လိုရွေးချယ်ခဲ့ကြလဲ...ဘယ်လို ရွေးချယ်နေကြလဲ။...။

Read More...

Wednesday, December 5, 2007

တောင်ကြီးတန်ဆောင်တိုင်

မီးပုံးပျံပွဲရဲ့ အနံ့အသက်လေးတွေများ ပြန်ရမလားလို့ပါ

Read More...

Friday, October 26, 2007

သီတင်းကျွတ်လပြည့်နေ့

ဒီလိုနေ့ဆို ကိုယ့်မြို့ ကိုယ့်ရွာမှာ တောင်ပေါ်ထုံးစံအတိုင်း
မိသားစုနဲ့ အတူ အလှူစာတွေ ခြင်းတွေ ခြင်းတွေနဲ့ အပြည့်ထည့်လို့
ဘုန်းကြီးကျောင်း စုံအောင် တက်မယ်
သူငယ်ချင်းတွေနဲ့ ဆုံရင် နင် ဘယ်နှစ်ကျောင်းရောက်လဲ မေးကြမယ်
သက်ကြီးဝါကြီး အဖိုးအဖွား မိဘ ရပ်ဆွေရပ်မျိုးတွေ လိုက်ကန်တော့မယ်
အိမ်က အဖေ နဲ့ အမေကို ဖယောင်းတိုင်လေးနဲ့ ကန်တော့ပြီး မုန့်ဖိုးလက်ဖြန့်တောင်းမယ်
ညနေမိုးချုပ်လာရင် အဖိုးကိုယ်တိုင် ၀ါးခုတ်ပြီး လုပ်ပေးတဲ့ မီးကြာကပ်လေးတွေ
အဖေ နဲ့ အမေ ၀ယ်လာပေးတဲ့ မီးပုံးလေးတွေ ထွန်းရင်း
ခြံထဲမှာ အော်ဟစ်ပြေးလွှားနေပြီပေါ့

ဒီတနှစ်ကတော့ အိမ်နဲ့ အဝေးမှာ ရှိနေတဲ့အတွက်
ဘုန်းကြီးကျောင်းလဲ မတက်ရ
လူကြီးမိဘလဲ မကန်တော့ရ
မီးပုံးလဲ မထွန်းရ
မုန့်ဖိုးလဲ မရ
မရေရာတဲ့ အလွမ်းတွေနဲ့ စိတ်တွေကလဲ မအားမလပ်...
သေချာတာကတော့ သိပ်ကိုလွမ်းနေပြီ...

အော်....တင်းထားဟ...အိမ်ပြန်ရဖို့ နီးနေပြီပဲ...

Read More...

Tuesday, September 18, 2007

Key Signature

Key Signature တွေ အလွယ်မှတ်နည်း

Father Can Go Down After Eating Breakfast

G = 1#, D = 2# , A = 3# , E = 4#, B = 5#
Bb = 2b, Eb = 3b, Ab = 4b, Db = 5b, F = 1b

C က တခုတည်းသော natural key.
G ကစပြီး phrase လေးနဲ့မှတ်တော့ မှားစရာ မရှိတော့ဘူး
flat အတွက်ဆိုရင် အနောက်ကနေပြန်ရေပြီး
B ဆိုရင် Bb
E ဆိုရင် Eb
A ဆိုရင် Ab လို့ ပြင်လိုက်ရုံပါပဲ...

key signature မြင်ရင် ဘာ key လဲ အလွယ်ပြောနိုင်အောင် မှတ်နည်း
တကယ့် သီအိုရီအရတော့ Key G ကို 1#key လို့ခေါ်တာ
သူ့ scale မှာ sharp တခုပဲ ပါလို့ပါ...
နောက် sharp ဖြစ်တဲ့ note က F.
အဲဒါကြောင့် G ရဲ့ key signature ကို အောက်ကလိုရေးပါတယ်...




ပုံကို ကြည့်ရင် sharp တခု တွေ့မယ်...
sharp ပြထားတဲ့ note က F.
ဒါဆိုရင် key G ဖြစ်ပါတယ်...





ဒါကို အလွယ်မှတ်ကြမယ်...

sharp ကိုတွေ့ရင် အပေါ်ကို တခုတိုးပါ...
အဲဒါ သူ့ key ပဲ...
ပုံမှာ sharp ဖြစ်နေတာ F
သူ့ကို တခုတိုးတော့ (အစက်ပြထားတယ်)
သူ့ key က G ပါ...
ဒီပုံသေနည်းက sharp key အားလုံးအတွက် မှန်ပါတယ်..
မယုံရင်စမ်းကြည့်...နော်...



1.






2.





အဖြေ : 1. Key D
sharp ၂ခုမှာ အစွန်ဆုံးက sharp ပေါ်မူတည်ပြီးခွဲပါတယ်
အစွန်ဆုံး sharp က C.
တခုတိုးတော့ Key D ပါ...

2. Key A
အစွန်ဆုံး sharp က G
တခုတိုးတော့ Key A ဖြစ်ပါတယ်


Flat အတွက်ကျတော့ ၃ခုအောက်ဆုတ်တယ်...


ပုံကိုကြည့်ပါ
Flat ပြထားတာက B note ပါ
သူ့ကို အောက်ဆုံးကြောင်းဆင်းတော့ F ဖြစ်ပါတယ်...
Key F ပေါ့
ဒါကိုလဲ တခြား flat key တွေ စမ်းကြည့်ပါဦး...
1.




2.





အဖြေ : 1. Key Bb
အစွန်ဆုံး flat က E.
အောက် ၃လိုင်းဆုတ်တော့ B.
B မှာ flat ပြထားတဲ့အတွက် Bb Key ဖြစ်ပါတယ်

2. Key Eb
အစွန်ဆုံး flat က A.
အောက် ၃လိုင်းဆုတ်တော့ E.
E မှာ flat ပြထားတဲ့အတွက် Eb Key ဖြစ်ပါတယ်

Read More...

Monday, September 17, 2007

အချိန်

အခုအချိန်ကို နောက်တခါ ဘယ်တော့မှ ပြန်မရတော့ဘူး
အချိန်ဆိုတာ ဘ၀မှာ တန်ဖိုးအရှိဆုံး အရာတဲ့...
ဒါပေမယ့် တပတ်မှာ တနင်္လာကနေ သောကြာကို
ဒုံးပျံနည်းနဲ့ ကျော်ဖြတ်ပြီး စနေနေ့ ရောက်ချင်စိတ်က တားမရဘူး
တနှစ်ကျော် အဲဒီစိတ်နဲ့ နပန်းလုံးပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်မိတော့
အချိန်တွေ အလကား ဖြစ်သွားသလိုပဲ...
အသက်သာ တနှစ်ကြီးသွားတယ်...
ဘာမှ အကျိုးရှိတယ်လို့လဲ မထင်ရ
ဘာအပြောင်းအလဲမှ ဖြစ်လာတယ်လို့လဲ မထင်ရ...
အချိန်ကုန်ဖို့ကို မျှော်မနေမိအောင် ဘာလုပ်ရပါ့မလဲ...

Read More...

Monday, September 3, 2007

အမေ့အနားမှာ

မိုးတွေကလဲ မည်းလို့သည်းလို့ပါလားနော်...

မိုးတွေရွာနေရင် နှစ်ပေါင်းများစွာ သားသမီးတွေအတွက်
အမေနဲ့အတူ ပြေးလွှားခဲ့ရတဲ့ ကားငယ်လေး အအေးမိလို့
အမေများ ဒုက္ခရောက်နေမလား စိတ်ပူလိုက်တာ...

မိုးသည်းသည်းကြား စက်နိုးမလာတဲ့ ကားထဲမှာ တယောက်ထဲ အားငယ်နေရင်း
အမေ့ဘေးနား အတူရှိခဲ့ဖူးတဲ့ မနီးမဝေးက အဖေ့ကို တမ်းတနေမလား...
အမေ့ဘေးနား အတူရှိခဲ့ဖူးတဲ့ အဝေးက သမီးကို သတိရနေမလား...
အတွေးတွေက ဆောက်တည်ရာမရ...

ထိုဖူးနွေးတပွဲကို ဆယ်ခါစားချင်မှ တခါပဲ စားခဲ့ပါတယ်ဆိုတဲ့ အမေ...
မနက် ဝေလီဝေလင်းမှာ တောင်ပေါ်ရွာက ဆေးခန်းရှိရာ လေးမိုင်ခရီးကို
နေပူမိုးရွာမရှောင် ထီးထမ်းလို့ လမ်းလျှောက်တက်ခဲ့တဲ့ အဖေ...
ဘ၀လမ်းကြမ်းကို တွဲလက်ညီညီ ရင်ဆိုင်ခဲ့ကြတဲ့ အဖေနဲ့အမေ...
ရေဆန်မှာချော ရေစုန်မှာမျော လို့ မပြောရက်ပါဘူး...

တခြားသူတွေ ကိုယ်စီကိုယ်စီအတွက်တော့ ဘယ်လိုနေမယ် မသိပေမယ့်
အဖေနဲ့အမေအတွက်တော့ စိတ်ကူးအိပ်မက်ထဲက
နေပျော်တဲ့ နွေးထွေးတဲ့ အိမ်သစ်ကလေးတလုံးအတွက် အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပါတယ်...
အမေကိုယ်တိုင် နေ့နေ့ညည အိပ်ရေးပျက်ခံ ဆွဲခဲ့တဲ့ အိမ်ပုံစံလေး
အုတ်မြစ်ကနေ ရုပ်လုံးပေါ်အချောသတ်နေတာကို နေ့တိုင်းရပ်စောင့်ကြည့်ရင်း
ပျော်ရွှင်ခြင်း မျှော်လင့်ခြင်းတွေက အတိုင်းအဆမဲ့ လွင့်ဝဲလို့...
ဒါတွေက အတိတ်တချိန်ကဆိုပေမယ့် လွယ်လွယ်မေ့ပစ်လိုက်စရာမှ မဟုတ်တာပဲနော်...

အဖေချခဲ့တဲ့ ဆုံးဖြတ်ချက်တခုအတွက် ၁၀တန်းဖြေခါနီး စိတ်ထိခိုက်ပြီး
စာမကျက်နိုင်ဖြစ်နေတဲ့ သမီးကို အတိုင်းအဆမဲ့နာကျင်နေလျက်က
"တနေ့ကျရင် အဖေ့ကြောင့် သမီး အမှတ်မကောင်းဘူး လို့
အဖေ အပြောမခံရအောင် ကြိုးစားလိုက်ပါ သမီးရယ်" လို့အားပေးတတ်ခဲ့တဲ့အမေ...
အမေ့ရဲ့ ခွင့်လွှတ်နိုင်ခြင်း အတိုင်းအဆကို နားမလည်တတ်ခဲ့ပေမယ့်
အဖေ့အတွက်ဆိုပြီး သမီး စာကျက်တတ်ခဲ့တယ် အဖေ...

မူကြိုကျောင်းကနေ ၁၀တန်းအောင်တဲ့အထိ
နောက်ဆုံးတက္ကသိုလ်ရောက်တဲ့အထိ မိုးရွာနေရင် မိုးကာခြုံပြီး
နေပူရင် ဦးထုပ်ဆောင်းပြီး တနေ့မပျက် ကျောင်းကြိုကျောင်းပို့လုပ်ပေးခဲ့တဲ့အဖေနဲ့အမေ...
သီတင်းကျွတ်ရောက်ရင် ဆေးခန်းအပြန်မှာ ရောင်စုံမီးပုံးလေးတွေ ၀ယ်လာပေးတတ်တဲ့အဖေနဲ့အမေ...
မွေးနေ့ရောက်ရင် သမီး အိပ်ယာမနိုးခင် လက်ဆောင်ထုပ်ကလေးတွေ
တိတ်တိတ်လေး လာချပေးတတ်တဲ့ အဖေနဲ့အမေ...
အဖေနဲ့အမေ...
အဖေနဲ့အမေ...
အဖေနဲ့အမေ...

အမေ့ရင်ထဲမှာ သမီးဖြည့်လို့လဲ မပြည့်နိုင်တဲ့ကွက်လပ်တခု ရှိနေတာ
သေသေချာချာသိလျက်နဲ့ လက်ပိုက်ကြည့်နေရတဲ့ သမီးကို ငဲ့ကြည့်ပေးပါ အဖေရယ်...
အမေပြုံးနေတာကိုပဲ မြင်ချင်တာပါ...ဖြစ်နိုင်မယ်ဆိုရင် အမေ့အနားမှာ နေပေးပါနော်...

အဖေနဲ့ ရင်ခုန်သံတွေ မတူတော့ဘူးဆိုရင်တောင်မှ
အဖေနဲ့တူတူ သက္ကရာဇ်တွေများစွာ အတားအဆီးတွေများစွာ
မျက်နှာတချက်မပျက်တမ်း ကြံကြံခံရင်ဆိုင်ရုန်းကန်ခဲ့တဲ့ အမေအတွက်
ဖြစ်နိုင်မယ်ဆိုရင် အမေ့အနားမှာ နေပေးပါနော်...

ဒါဟာ ပူဆာခြင်းဆိုလဲ ဟုတ်ပါတယ်...
တောင်းပန်ခြင်းလဲ မည်ပါတယ်...
မျှော်လင့်ခြင်းလို့လဲ ပြောလို့ရပါတယ်...
အဖေရယ်...အမေ့အနားမှာ နေပေးပါနော်...
အမေ့အနားမှာ...

Read More...

Wednesday, August 29, 2007

ငါ = လူသား

အရင်လို ဖြူစင်ရိုးသားတဲ့ အပြုံးသန့်သန့်လေးတွေ ပိုင်ဆိုင်တဲ့
လူငယ်လေးတယောက် မဟုတ်တော့ဘူး...
နေညိုချိန်တွေမှာ အဝေးက တောင်ပြာတန်းတွေကို
တရှိုက်မက်မက် မျှော်ငေးခွင့်ရတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ရည်မှန်းချက်တွေ တလှေကြီးနဲ့ အိပ်မက်ကျောပိုးအိတ်ကို လွယ်ပြီး
ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ငါပိုင်ဆိုင်တဲ့ လက်နှစ်ဖက်နဲ့ အရာရာကို ထုဆစ်နိုင်မယ်လို့
ယုံကြည်ခဲ့တဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
အချိန်ဆိုတဲ့ ရေစီးကြောင်းထဲ မသိလိုက်မသိဘာသာ စီးမျောနေရင်း
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ...

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူသားတယောက်...
ရှေ့ဆက် ပျံသန်းဖို့ အတောင်ပံတစ်စုံ အားလျော့လာတဲ့ လူသားတယောက်...
ရင့်ကျက်ခြင်းကို ပိုင်ဆိုင်ဖို့ ခါးသက်တဲ့ ခံစားချက်မျိုးစုံကို
မျက်နှာချင်းဆိုင်ရမယ်ဆိုတာ နားလည်စပြုလာတဲ့ လူသားတယောက်...
တခါလဲကျရင် တခါပြန်ထူမနိုင်ဖို့ သွေးပျက်စပြုလာတဲ့လူသားတယောက်...
နာကျင်ခြင်းတွေရဲ့ အဆုံးစွန်မှာ
အသက်ရှူနေလို့သာ လူနဲ့တူတော့တဲ့ စက်ရုပ်တကောင်...

ဒီလို အသွင်ပြောင်း စက်ရုပ်တကောင်မှာ နောက်ဆုံးကျန်ရစ်တာက...
အမေ့ကို ချစ်တဲ့စိတ်ရယ်...
အဝေးတနေရာက မှိုင်းညို့ညို့ မြို့ငယ်လေးကို လွမ်းတဲ့စိတ်ရယ်...
ဒီခံစားချက် တစုံတရာကြောင့် ငါ့ကိုယ်ငါ လူသားတယောက်ရယ်လို့ အားတင်းသတ်မှတ်မိနေသေးတယ်...

Read More...

ဆန့်ကျင်ဘက်က အတွေး

ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ (Chicken soup) ကြောင့်
နှစ်ပေါင်းများစွာ အကျဉ်းကျနေတဲ့ စိတ်တွေ လွတ်မြောက်ခွင့်ရခဲ့ဖူးတယ်
...................................
ငယ်ငယ်က မောင်နှမတွေထဲမှာ အကြီးဆုံး ဖြစ်ရတာကို တော်တော် စိတ်ပျက်ခဲ့တယ်
စာနဲ့ ပတ်သက်လို့ဖြစ်ဖြစ် တခြား အသိပညာတွေ ဖြစ်ဖြစ်
အရာအားလုံးကို ကိုယ့်ဟာကိုယ် စမ်းတ၀ါးဝါးသွားရတယ်...
အဲဒီတော့ ရွယ်တူတွေထဲမှာ ကိုယ်က ဘာမဆို နောက်ကျနေလေ့ရှိတယ်...

ဥပမာ...ဖတ်စာအုပ်ဆို ကျောင်းဖွင့်တာတောင် မရသေးဘူး
(အဲဒီအချိန်တုန်းက ဖတ်စာအုပ်က ကျောင်းက ထုတ်ပေးမှရတာ)
သူငယ်ချင်းတွေက အကိုအမတွေရဲ့ ဖတ်စာအုပ်တွေနဲ့ အဆင်ပြေနေချိန်မှာ
ကိုယ်က ဗလာစာအုပ်လေး ကိုင်ပြီး ဖတ်စာအုပ်ကိုမျှော်လိုက်ရတာ...

နောက်ပြီး အကြီးပဲ အလျှော့ပေးလိုက်ဆိုတဲ့ စကားကိုလဲ မကြိုက်ဘူးလေ...
အငယ်ဖြစ်ချင်လိုက်တာ လို့ မကျေနပ်စိတ်နဲ့ မဖြစ်နိုင်တာကို တောင့်တမိတယ်...

အဲဒီလိုနဲ့ တယောက်ထဲ ပဋိပက္ခဖြစ်နေတုန်း ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ နဲ့ တွေ့တယ်

စာအုပ်ထဲက အဖြစ်အပျက်လေးက...

လူငယ်လေးတယောက်ကို သူ့ရဲ့အစ်ကိုက ကားသစ်တစ်စီး ၀ယ်ပေးပါတယ်
လူငယ်လေးကလဲ အရမ်းဝမ်းသာဂုဏ်ယူနေတာပေါ့...
အဲဒီမှာ သူက သူ့အသိ ကောင်ငယ်လေး တယောက်ဆီကို
ကားသစ်လေး ကြွားဖို့ သွားတော့ ကောင်ငယ်လေးက အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတယ်...
(အဲဒီကောင်လေးက ခြေတဖက်မသန်ဘူး)
သူက ကောင်လေးဆီကို လျှောက်သွားရင်း
"ဟေ့ကောင် ဒါ ငါ့အစ်ကို ငါ့ကို ၀ယ်ပေးတဲ့ကားကွ" လို့ ကြွားပြောလေး ပြောတယ်...
အဲဒီအချိန်မှာ ကောင်လေးရဲ့ မျက်လုံးတွေ အရောင်တလက်လက်တောက်ပလာတာကို
လူငယ်လေးက သတိထားမိတော့
"ဘာလဲကွ မင်းအားကျနေပြီလား
မင်းအစ်ကို ကို မင်းအတွက် ကားဝယ်ပေးဖို့ ပူဆာတော့ မလို့လား" လို့ မေးလိုက်တယ်
ကောင်လေးက ပြန်ဖြေတယ်
"မဟုတ်ဘူးဗျ တနေ့နေ့ကျရင် ကျွန်တော့် ညီလေးကို
ဒီလိုကားမျိုးဝယ်ပေးနိုင်တဲ့ အစ်ကို ဖြစ်ချင်တာ" တဲ့...

မှတ်မှတ်ရရ နောက်ဆုံးစာကြောင်းလေး ဖတ်ပြီးတဲ့အချိန်မှာ
ကိုယ့်ဖြစ်နေတဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်လိုက်တာ...
ဘာဖြစ်လို့များ သူတွေးတဲ့ဘက်က တခါမှ မတွေးကြည့်မိတာပါလိမ့်လို့...

ဒါနဲ့ပဲ အဲဒီအချိန်ကစပြီး အကြီးဆုံး ဖြစ်ရခြင်းကို ကျေနပ်တဲ့သူ
ပေးဆပ်ရခြင်းကို ပျော်မွေ့တတ်လာတဲ့သူ ဖြစ်လာပါတယ်...

ရယူခြင်းကြောင့် ဖြစ်တဲ့ ဂုဏ်ယူစိတ် နဲ့
ပေးဆပ်ခြင်းကြောင့် ဖြစ်တဲ့ ပီတိ ကို ခွဲခြားတတ်လာခဲ့တယ်...



ဆရာဖေမြင့်ရေ...ကျေးဇူးပါ...

Read More...

Tuesday, August 21, 2007

ကိုမြင့်မိုးအောင်

ကျောင်းတွေ တက်နေရင်းနဲ့ ကိုယ့်ဘ၀လမ်းကို
ကိုယ်ကိုယ်တိုင် သံသယဖြစ်လာခဲ့တဲ့ အချိန်...
ဘယ်ကိုသွားမှာလဲ ဘာကိုလုပ်ရမှာလဲ
လုပ်ချင်တာကို လုပ်ရမှာလား လုပ်သင့်တာကို လုပ်ရမှာလား ဆိုတဲ့
အတွေးစတွေနဲ့ အကြီးအကျယ် နပန်းလုံးနေခဲ့ရတဲ့အချိန်...

လုပ်ချင်တာကို လုပ်ဖို့ အရည်အချင်း မပြည့်ဘူး
လုပ်သင့်တာကို လုပ်ဖို့ လုံလောက်တဲ့ စိတ်ဓါတ်အင်အားမရှိဘူး ဆိုပြီး
သိမ်ငယ်စိတ်တွေ အားငယ်စိတ်တွေနဲ့ လမ်းပျောက်နေတဲ့အချိန်...

အဲဒီလို အချိန်ကာလတခုမှာ ကိုမြင့်မိုးအောင်ရဲ့ အင်တာဗျူးတခုကို
အမှတ်မထင် ကံကောင်းထောက်မစွာနဲ့ ဖတ်လိုက်ရတယ်...

(မှတ်မိသလို ပြန်ရေးတာပါ)

သူဟာ အရာရာကို ငြီးငွေ့လွယ်သူပါ
မူးယစ်ဆေးဝါးကအစ ကိစ္စတော်တော်များများကို
ငြီးငွေ့တဲ့ ရှုထောင့်ကနေ ကြည့်တတ်ခဲ့ပါတယ်
အခုအချိန်ထိ မငြီးငွေ့နိုင်လောက်အောင်
သူ့ကို ဆွဲဆောင်ထားတဲ့ အရာနှစ်ခုက
ဂီတ နဲ့ ဘာသာတရား ပါ တဲ့...
ဒီဘ၀မှာရော နောင်ဖြစ်လေရာ ဘ၀မှာပါ
ဒီလမ်း ၂ခုကို ရောက်နိုင်သမျှ ဆက်လျှောက်သွားချင်သူပါ တဲ့...

ဒီစကားစုကို ဖတ်ပြီးအကြာကြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်...
ငါဟာ ဘာတွေကို ငြီးငွေ့ခဲ့ပြီလဲ...ဘာတွေက အသစ်ဖြစ်နေဆဲလဲ...
နောက်ဘ၀အထိအောင် ငါလုပ်ချင်နေမယ့် အရာက ဘာလဲ...

အဖြေရချင်တော့လဲ ဦးနှောက်ထဲ မီးသီးလင်းသွားသလို ဖြတ်ကနဲပဲ...
အိပ်မက်တွေကို ဇကာစစ်လိုက်တော့ ကျန်ရစ်တာ ဂီတ...

သူ့ရဲ့ စကားတခွန်းနဲ့ တသက်စာ ခွန်အားတွေ ဘ၀နေနည်းတွေ ရရှိခဲ့တယ်...
ကိုယ်ကိုယ်တိုင် ယုံကြည်ကျေနပ်တဲ့ အဖြေကို ရပြီးတဲ့နောက်
လွတ်လပ်တဲ့စိတ်နဲ့ အသက်ရှင်လို့ ရလာတယ်...

သူဟာ သီချင်းရေးဆရာ တယောက် ဖြစ်ပါတယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ ဆရာတဆူ ကျေးဇူးရှင်တယောက် အနေနဲ့ တည်ရှိပါတယ်...

Read More...

Tuesday, August 14, 2007

ကိုယ့်အလှည့်

ငယ်ငယ်တုန်းက တစုံတယောက် အမှားလုပ်မိရင် ဖြစ်ဖြစ်
တစုံတယောက်ကို အနိုင်ကျင့်မိတဲ့အခါဖြစ်ဖြစ်
အဖေအမြဲပြောတဲ့စကားတခွန်းရှိတယ်...
ကိုယ်နိုင်တယ်ဆိုတိုင်း ဇွတ်မနိုင်နဲ့ ကိုယ်ရှုံးဖို့အလှည့် ချန်ထားဦးနော် တဲ့

တချိန်မှာ ကိုယ်လဲ သူ့လိုမကြုံဘူးလို့ မပြောနိုင်ဘူး
ကိုယ်လဲ သူ့လို မမှားဘူးလို့ မပြောနိုင်ဘူး
လောကဆိုတာ ပုံသေတွက်ထားလို့ ရတဲ့ အရာတခုမဟုတ်ဘူး
ပြန်တွေးမိလေ ပြန်ဆင်ခြင်မိလေ
ဒီအသိကို ရင်ထဲအမြဲစွဲနေအောင်
သတိပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်မိတယ်

Read More...

Monday, August 13, 2007

The Circle of Fifth

ဒီတခါ 1 sharp key, 2 sharp key, 1 flat key တွေကို
အလွယ်မှတ်တဲ့နည်းကို ကြည့်ရအောင်

Major key 15 ခု ရှိတယ်
သူတို့ကို 7b, 7# နဲ့ ဖြန့်ရေးကြည့်လိုက်တော့

7b 6b 5b 4b 3b 2b 1b 0 1# 2# 3# 4# 5# 6# 7#
Cb Gb Db Ab Eb Bb F C G D A E B F# C#

အဲဒါကို အလွယ်မှတ်တဲ့ diagram ကို The Circle of Fifth လို့ခေါ်တယ်
















ဘာဖြစ်လို့ဆို C major scale မှာ C ကနေ G ကို သွားဖို့
5 steps (5 intervals) သွားရပါတယ် ( C D E F G A B C)
တနည်းအားဖြင့် C major ရဲ့ fifth note ဟာ G
G က 1 sharp key ဖြစ်ပါတယ်
နောက်တခု D ဟာ G major scale ရဲ့ fifth note, 2 sharp key
A က D major scale ရဲ့ fifth note, 3 sharp key
ကျန်တာတွေလဲ အဲလိုပါပဲ...

sharp key, flat key တွေကို အလွယ်မှတ်ကြည့်ရအောင်
ပထမဆုံး C ကိုမှတ်ပါတယ်...
C က sharpတွေ flatတွေ မပါတဲ့ တခုတည်းသော major scale ပါ
F က 1 flat key. " Flat has 1 F, F has 1 flat" လို့ မှတ်ကြတယ်

ကျန်တဲ့ G,D,A,E နဲ့ B ကိုတော့ အရမ်းလွယ်ပြီး
ပျော်စရာအရမ်းကောင်းတဲ့ မှတ်နည်း နဲ့ မှတ်မယ်...

အောက်က ပုံကို ကြည့်ပါ...














G ဆိုတာဖြစ်ဖို့ မျဉ်းတကြောင်းထဲနဲ့ ရေးလို့ရတဲ့အတွက် 1 sharp key
ပါ...

ကျန်တဲ့ D,A,E နဲ့ B ကိုလဲ ရေးကြည့်ပါဦး...

D ကိုရဖို့ မျဉ်း 2 ကြောင်း...D = 2 sharp key
A ကိုရဖို့ မျဉ်း 3 ကြောင်း...A = 3 sharp key
E ကိုရဖို့ မျဉ်း 4 ကြောင်း...E = 4 sharp key
B ကိုကျတော့ မျဉ်းနဲ့ မှတ်လို့ မရတော့ဘူး...
B ပုံမှာ 5 ကို ထပ်ရေးလို့ ရတယ်...
ပုံကိုသေချာကြည့်ရင်ပဲ sharp key တွေက မေ့စရာ မရှိတော့ပါဘူး...

ဒီတခါ Flat တွေကို မှတ်ရအောင်...
အပေါ်မှာ sharp တွေကို သေချာမှတ်မိပြီထားပါတော့...
သူတို့ကို The Rule of Seven နဲ့မှတ်မယ်

Flat + Sharp = 7

Flat နဲ့ Sharp ပေါင်းမှာ ဒိုရေမီဖာဆိုလာတီ 7 သံ ပြည့်မယ်လို့ မှတ်မယ်

G ကိုကြည့်ရအောင်...
G က 1 sharp key...
Gb + G = 7
6 + 1 = 7
ကဲ...အပေါ်က ဖော်မြူလာအရ Gb က 6b key ဖြစ်ပါတယ်...

Db + D = 7
5 + 2 = 7
Db = 5b key
Ab = 4b key
Eb = 3b key
Bb = 2b key

Cb, C#, F# ဆိုတဲ့ နောက်ဆုံး key 3 ခုပဲ ကျန်တော့တယ်
The Rule of Seven ကိုပဲ ဆက်သုံးလို့ရပါတယ်

Cb + C = 7
7 + 0 = 7
Cb = 7b key

C# + C = 7
7 + 0 = 7
C# = 7# key

F# + F = 7
6 + 1 = 7
F# = 6# key


Mirror ဖြစ်နေတဲ့ Scale 4စုံရှိတယ်...
သူတို့ကို အစုံလိုက်မှတ်ရင် ပိုမှတ်မိလွယ်တာပေါ့...
D & Db, E & Eb, A &Ab, B & Bb တို့ပါ
အောက်ကပုံကိုကြည့်ပါ...

D major scale ကို ကြည့်ရင် D E F# G A B C# D
Db major က Db Eb F Gb Ab Bb C Db ပါ...
D ရဲ့ sharpတွေနဲ့ Db ရဲ့ flat တွေ mirror ဖြစ်နေတာကို တွေ့ရပါမယ်...
အဲလိုပဲ E, A နဲ့ B လဲ mirror ဖြစ်နေပါတယ်...

Read More...

Wednesday, August 8, 2007

ထပ်ကြောက်တယ်

ကိုထီးတို့ လျှမ်းလျှမ်းတောက်ချိန်ကပေါ့
ဘယ်ရှိုးမှာမဆို သူ့သီချင်းဆိုမှ ဖြစ်တဲ့ခေတ်
တောင်ပေါ်သားတွေဆို ပိုဆိုးတယ်
ကိုထီး မှ ကိုထီးပဲ...
အဲဒီတော့ ရှမ်းအဆိုတော်တွေကလဲ
သူတို့ကိုယ်ပိုင်သီချင်းလဲဆို ကိုထီးသီချင်းလဲ ညှပ်ပြီး ဆိုကြရတယ်

အဲဒီမှာ ရှမ်းအဆိုတော် တယောက်ရဲ့ ပျော်စရာ အဖြစ်အပျက်လေးတခုက...

အဲဒီနေ့က သူဆိုဖို့ ရွေးထားတဲ့ သီချင်းက ကိုထီးရဲ့ hot သီချင်း
သီချင်းနာမည်က သန်းခေါင်ထက်နက်တဲ့ည ထင်တယ်...
ရင်ခွင်မှာထား ကြားက လေပြေသွေးတောင် မယုံနဲ့
ညအမှောင်တွေထဲ ပျောက်သွားမှာကို စိုးလှပါတယ် ဆိုတဲ့သီချင်း...

သူကလဲ အဲဒီသီချင်းကို ကြိုက်တယ်...
ဆိုတော့လဲ နှစ်ပြီးဆိုတာပေါ့...
mood အပြည့်နဲ့ အပီဟဲနေတုန်း
ရင်မှာလေ ထိတ်တယ်...စိတ်မှာလေ ကြောက်တယ် ဆိုတဲ့နေရာအရောက်
စာသားသေချာကျက်ထားတဲ့ကြားက ဘယ်ကနေ ဘယ်လိုဖြစ်တယ် မသိဘူး...
ရင်မှာလေ ထိတ်တယ် အစား ရင်မှာလေ ကြောက်တယ်လို့ ဆိုမိရော...
အဲဒီမှာ သူက ပြာသွားတာပေါ့...
ရင်မှာလေ ကြောက်တယ်လို့ ဆိုပစ်လိုက်တော့
စိတ်မှာလေ ကြောက်တယ် ကို ဘယ်လိုဆိုရမှန်းမသိတော့ဘူးလေ.....
အဲဒါနဲ့ ဆိုမိဆိုရာ ဆိုလိုက်တာက

ရင်မှာလေ ကြောက်တယ်

စိတ်မှာလေ ထပ်ကြောက်တယ် တဲ့...

Read More...

Friday, August 3, 2007

နာမည်

ဂစ်တာတွေကို နာမည်ပေးတဲ့အကျင့် ရှိကြလား
ဂစ်တာတွေကို သက်ရှိတယောက်လို သဘောထားပြီး
နာမည်ပေးရတာ သဘောကျတယ်

ထူးဆန်းတာတခုက တချို့ ဂစ်တာတွေကို ကောင်မလေးလို့ ခံစားရပြီး
တချို့ဂစ်တာတွေက ကောင်လေး ဖြစ်နေတတ်တာပဲ

ပထမဆုံး ကိုယ်ပိုင်ရတဲ့ ဂစ်တာလေးက ကောင်မလေး
သူ့နာမည်ကို horizon လို့ ပေးထားတယ်
အဲဒီတုန်းက တဖြောင့်တည်း နေချင်ခဲ့ပုံရတယ်
ဂစ်တာအပေါ်မှာ ကိုလေးဖြူပုံ စတစ်ကာအကြီးကြီး ကပ်ထားတယ်

ဒုတိယ ဂစ်တာက ကလပ်စစ်ကယ် ဂစ်တာ
နှစ်တော်တော်များများ တူတူရှိခဲ့တဲ့ အဖော်ကောင်းလေး
သူ့နာမည်က heaven
နာမည်နဲ့လိုက်အောင်ပဲ သူနဲ့ နေရတဲ့ အချိန်တိုင်းဟာ ငြိမ်းချမ်းလွန်းခဲ့တယ်
သူကလဲ ကောင်မလေးပဲ

နောက်ပိုင်းတော့ နာမည်မပေးနိုင်တော့လောက်အောင် ဖြစ်သွားတယ်
အသစ်ရတဲ့ ဂစ်တာတွေကို သိပ်မတွယ်ငြိတော့တာလဲ ဖြစ်နိုင်တယ်

အခုနောက်ဆုံး ဂစ်တာလေးကိုတော့ တော်တော်ချစ်တယ်
ဒီတလုံးကိုတော့ ကောင်လေးလို့ ခံစားရတယ်
နာမည်ကို neo လို့ပေးထားတယ်
သူနဲ့ကျမှ ဂစ်တာတလက်ကို မြတ်နိုးငြိတွယ်တဲ့ စိတ်တွေ အသစ်ပြန်ဖြစ်လာလို့

အရင်ဂစ်တာတွေကို မြတ်နိုးတဲ့စိတ်တခုထဲနဲ့ ယုယုယယလေး နူးနူးညံ့ညံ့လေး ချစ်ခဲ့တယ်
ပျောက်ဆုံးသွားမှာ တစုံတရာ ထိရှသွားမှာ အရမ်းကို ပူပန်တတ်ခဲ့တယ်
အခုဂစ်တာကိုတော့ စိတ်ဒဏ်ရာတွေ ဘ၀အမောတွေ ဖြေပေးတဲ့
ရင်ခွင်တခုလို ခံစားမိတယ်

ကိုယ့်ရဲ့လိုအပ်ချက်ကို လိုက်ပြီး သူတို့ကို ကိုယ်ဖြစ်စေချင်သလို ပုံဖော်လိုက်တာ
သူတို့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ နာမည်တခုဆိုတာ
တကယ်တော့ ကိုယ့်အတွက် လက်ရှိအချိန်ရဲ့ လိုအပ်ချက်တခုပါပဲ
ဒီလိုပဲ ထင်တာပဲ

Read More...

Sunday, July 29, 2007

အိပ်ပျက်ည

အသည်းကွဲတဲ့ ညနေခင်းတစ်ခုမှာ
မျှော်လင့်ခြင်းကို သိသူက တယောက်
ဥပက္ခာပြု ကျောခိုင်းသူက တယောက်
ဒီနှစ်ယောက်က တယောက်ထဲ ဖြစ်သွားချိန်မှာ
အိပ်ပျက်ညတခု ထပ်တိုးလာရုံလေးပါပဲ
အနာတရ ပမာဏကိုတော့ ထည့်မတွက်နဲ့ပေါ့...

Read More...

Saturday, July 28, 2007

Keys & Scales

A scale is a sequence of related notes.

Scale တခု ရဲ့ ပထမဆုံး note ကို Root note လို့ သတ်မှတ်ပြီး
အဲဒီ Root Note ကပဲ အဲဒီ Scale ရဲ့ Key ဖြစ်ပါတယ်..

*Root Note = Key of that particular scale
..........................................................

Scale တွေ အမျိုးမျိုးရှိတယ်...
သူတို့ရဲ့ကွာခြားချက်က tone interval ပါ...

ပထမဆုံး မှတ်ထားရမှာက Notes Name တွေနဲ့ intreval ဆက်စပ်ပုံပါ...

C D E F G A B C ဆိုပြီး ရှိရာမှာ
E F နဲ့ B C ကြားမှာ half tone ပဲ ရှိပါတယ်...
ကျန်တာတွေက whole tone ပါ...

ဒိုရေမီဖာဆိုလာတီဒိုး မှာ
မီ နဲ့ ဖာ ကြား half tone, တီ နဲ့ ဒိုး ကြားမှာ half tone ဆိုတာနဲ့ တူတူပါပဲ...
ဒိုရေမီဖာက အသံအနေနဲ့ ပြောတယ်...
ABCD က note name အနေနဲ့ ပြောတာပါ...
..............................................................

အဓိက Scale က Major Scale ပါ
Major Scale ရဲ့ interval သတ်မှတ်ချက် (formula) က...
*Whole - Whole - Half - Whole - Whole - Whole - Half

သူ့ကို အောက်က အခေါ်အဝေါ်နဲ့လဲ ခေါ်လေ့ရှိတယ်
Tone - Tone - Semitone - Tone - Tone - Tone - Semitone
Step - Step - Halfstep - Step - Step - Step - Halfstep

အတိုချုပ်ရင် whole = tone = step
half = semitone = halfstep
တခုမှတ်ရင် ရပါပြီ...
................................

C Major ကို ကြည့်ရအောင်...
* C Major Scale က Flat တွေ Sharp တွေ မပါတဲ့တခုတည်းသော Major Scale ပါ






အဲဒါကို whole half formula နဲ့ တွက်ကြည့်ရအောင်

C - Db - D - Eb - E - F - Gb - G - Ab - A - Bb - B - C

Key C က C D E F G A B C...
C ကနေ D ကို ရောက်ဖို့ 2 steps သွားလိုက်တယ်...
အဲဒီတော့ Whole ပေါ့...
D to E လဲ အတူတူပဲ...
E ကနေ F ကိုရောက်ဖို့ 1 step ပဲ သွားရတယ်...
အဲဒီတော့ Half = semitone.

အဲလိုပဲ ဆက်တွက်သွားကြည့်လိုက်ရင် WWHWWWH ဆိုပြီး ရတယ်...
အဲဒါ Major Scale ပဲ...
....................................

ဒါဆို G Major ကို တွက်ကြည့်ရအောင်...

G - G# - A - A# - B - C - C# - D - D# - E - F - F# - G

အဲဒီမှာ major scale formula နဲ့ တွက်ရင်
G A B C D E F# G ဆိုပြီး ရပါမယ်
ဒါကြောင့် KEY G ကို 1 sharp key လို့လဲခေါ်ပါတယ်...
2 sharp key = D
3 sharp key = A
4 sharp key = E
5 sharp key = B
...................................

F Major က နဲနဲ ဆန်းတယ်...အဲဒါကို တွက်ကြည့်ရအောင်

F - Gb - G - Ab - A - Bb - B - C - Db - D - Eb - E - F

F G A Bb C D E F
Flat တခုပဲ ပါလို့ သူ့ကို 1 Flat key လို့ခေါ်တယ်...
................................................................



အခုပုံက Key G ရဲ့ Signature ပါ...
Key G = 1 sharp key
Sharp ဖြစ်တဲ့ note က F
ဒါကြောင့် F မှာ Sharp ပြထားပါတယ်


ဒီပုံကတော့ Key F ...
1 flat Key.
အဲဒီ flat တွေ sharp တွေ ပြတဲ့သဘောက
ဒီသီချင်း တပုဒ်လုံးမှာ sharp, flat ပြထားတဲ့ notes တိုင်းကို
sharp, flat အဖြစ် သတ်မှတ်ပေးပါလို့လဲ ဆိုလိုပါတယ်


ဥပမာ...Key G မှာဆို F# ဖြစ်တဲ့အတွက် F note တွေ့တိုင်း # ပြထားတဲ့အတွက် F# အဖြစ် သတ်မှတ်ပါတယ်
အောက်က ပုံကတော့ Major Scale ရဲ့ Key တွေအားလုံးပါ
Musician တွေ Player တွေကတော့ သူ့ Key နဲ့ သူ့ chord တွေ အားလုံးကို အလွတ်ရကြတယ်...
ကာလာဘလိုင်းတော့ ခုထိ စာရွက်မှာ ချရေးနေရတုန်း...


လေ့ကျင့်ခန်းအနေနဲ့ ABCDEFG key အားလုံးကို ချရေးကြည့်ပါ
နောက် key signature တွေ ထည့်ကြည့်ပါ

Read More...

Wednesday, July 25, 2007

ပြုံးစရာ

သူငယ်ချင်းတွေက ပြောတယ်
နင့်ဘလော့ဂ်ကလဲ စိတ်ဓါတ်ကျနေတာချည်းပဲတဲ့
တကယ်ကလဲ စိတ်ဓါတ်ကျမှပဲ စာရေးချင်မိတာကိုး
ဒီတခါတော့ ဟာသ တခုလောက်မျှဝေချင်ပါတယ်...
တကယ့်အဖြစ်အပျက်နော်...

မင်္ဂလာလက်ထပ်ပွဲလုပ်ဖို့ တိုင်ပင်နေကြတဲ့ ချစ်သူနှစ်ဦး...
သူတို့ ပြောနေတဲ့အကြောင်းက ဖိတ်စာကိစ္စ...
ကောင်မလေးက မိန်းကလေးပီပီ အလှအပကြိုက်တော့
တသက်တခါ ဆောင်ရမယ့်ဟာ ဖိတ်စာကို လှလှလေး ဖြစ်ချင်တာပေါ့
အဲဒီတော့ ဟိုဟာလဲ မကြိုက်၊ ဒီဟာလဲ စိတ်တိုင်းမကျ ဖြစ်နေတဲ့အခြေအနေ...
ကောင်လေးကလဲ စိတ်သိပ်ရှည်တဲ့ အစားထဲက မဟုတ်တော့
ပြောပါလေရော...
မင်းကလဲ ဖိတ်စာများ photocopy ကူးပြီး ဝေလိုက်အေးရော တဲ့
ကောင်မလေးက တင်းပြီပေါ့
သူ့ကို ဒီလို photocopy ကူးတဲ့ဖိတ်စာနဲ့
ယူလို့ရမယ့် အစားလား ဘာညာတွေ ရစ်ပါလေရော...
ကောင်လေးကလဲ ရိုးရိုးသားသား ပြန်ပြောရှာပါတယ်...
ချစ်လို့ photocopy ကူးတဲ့ ဖိတ်စာနဲ့လို့ ပြောတာပေါ့...
မချစ်ရင် စာကူးစက်နဲ့ လှိမ့်ထုတ်လိုက်မှာပေါ့တဲ့...
ကဲ...

Read More...

Monday, July 23, 2007

International Notes ဖတ်ခြင်း (၃)

Timing

Timing ကို clef ရဲ့ အနောက်မှာ Time Signature အနေနဲ့ပြလေ့ရှိတယ်
အခြေခံအားဖြင့် 2/4 Timing, 3/4 Timing, 4/4 Timing ရှိမယ်
x/y မှာ အပေါ်က x က တဘားမှာ ဘယ် beats ဘယ်နှစ်ခု ရှိတယ်ဆိုတာကို ပြပါတယ်
အောက်က y ကတော့ 1 beat ရဲ့ notes တန်ဖိုးကို ပြပါတယ်
အောက်က ပုံကိုကြည့်ပါ










2/4 Timing မှာ အပေါ်က 2 က တဘားမှာ 2 beats ရှိတယ်လို့ ဆိုလိုပါတယ်
အောက်က 4ကတော့ 1 beat ရဲ့ တန်ဖိုးက 1/4 ဆိုတော့
Quarter Note (or) Crotchet လို့ ဆိုလိုပါတယ်

ဒါဆိုရင် 3/4 Timing ဆိုရင် တဘားမှာ 3 beats
notes တန်ဖိုးက 1/4

4/4 Timing ဆိုရင် တဘားမှာ 4 beats
notes တန်ဖိုးက 1/4... အပေါ်ကတွေနဲ့ အတူတူပါပဲ
..............................................................

အဲဒီမှာ 2/4 Timing နဲ့ notes တွေကို တချက်လောက် ကြည့်ပေးပါ...
တန်ဖိုးတွက်ပုံ တွက်နည်းလေး ရေးချကြည့်ချင်လို့ပါ...
|1 + 1|(1/2 + 1/2) + (1/4 +1/4 + 1/4 + 1/4)| =
|1 + 1|1 + 1|

3/4 Timing ပုံမှာ
|1 + 1 + 1|(1/2 + 1/2) + (1/2 + 1/2) + (1/4 + 1/4 + 1/4 + 1/4)| =
|1 + 1 + 1|1 + 1 + 1|

ကျန်တာတွေလဲ အဲဒီပုံစံအတိုင်းပဲ တွက်ပါတယ်
................................................................

အောက်က ပုံမှာ 6/8, 9/8 နဲ့ 12/8 ဆိုပြီး ပြထားပါတယ်










6/8 Timing ဆိုရင် တဘားမှာ 6 beats
9/8 Timing ဆိုရင် တဘားမှာ 9 beats
12/8 Timing ဆိုရင် တဘားမှာ 12 beats
တန်ဖိုးက 1/8 ဆိုတော့ Eight Note (or) Quaver ပေါ့
.........................................................................

အခွင့်သာတုန်းလေး Dotted Notes ကို တခါ ပြန်တွက်ကြည့်ချင်ပါတယ်
6/8 Timing ပုံကိုပဲ ရွေးလိုက်ရအောင်

တဘားမှာ 6 beats
1 beat က 1/8, Eight notes or Quaver:
| (1/4 + 1/8) +
(1/4 + 1/8) | (1/8 + 1/8 + 1/8) + (1/8 + 1/8 + 1/8)|

အဲဒီမှာ ပထမ ဘားမှာ ပထမဆုံး note ကိုကြည့်ပါ
crotchet or Quarter note ဆိုတော့ သူ့တန်ဖိုးက 1/4
Dotted ပြထားတဲ့အတွက် သူ့ရဲ့တန်ဖိုးတ၀က်ကို ထည့်ပေါင်းမယ်...
တန်ဖိုးတ၀က်က 1/8
ဒီတော့
(1/4 + 1/8) = 3/8

Notes ဖတ်တာကတော့ သင်္ချာသဘောတရားပါပဲ
သေချာလိုက်တွက်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ

to be continued

Read More...

ဒိုးလုံး

ဒိုးလုံး ဒိုးလုံး ဒိုးလုံး...
ဒီနေ့အထိ တောင်ကြီးမြို့ရဲ့ ဘယ်ရှိုးမှာမဆို ဘယ်သူပဲဆိုဆို
အခုချိန်အထိ ကြားနေရဆဲ ပရိသတ်တွေရဲ့အသံ...
အားလုံးအားလုံး သူ့ကိုချစ်ခင်မြတ်နိုးစွာနဲ့ မမေ့နိုင်ကြသေးဘူး...
အလွမ်းမပြေနိုင်ကြသေးဘူး...

သူ့သီချင်းတွေကို နားထောင်ရင်း သူနဲ့ အမှတ်တရတချို့ကို ပြန်သတိရမိတယ်...
ပထမဆုံး သူအခွေစထွက်တော့ (၁၉၉၇ ထင်တယ်)
အခွေကာဗာကို ကြည့်ပြီး ဘယ်လိုကြီးပါလိမ့်လို့ တွေးမိတယ်...
မြင်နေကြ ကာဗာတွေလိုမှ မဟုတ်ပဲ...
မိန်းမကြီးတယောက် ခွေခေါက်ပြီး ကနေလိုက်တာ...
အရိုးထိအောင်ရူး ဆိုတဲ့ album title နဲ့တော့ အံကိုက်ပါပဲ...

စစချင်း နားထောင်တော့ စာသားတွေကလဲ အဆန်းတွေ...
လက်မခံနိုင်ဘူး...ဒါပေမယ့်
ထပ်ပြီးနားထောင်ချင်လာအောင်တော့ ဆွဲဆောင်ထားသေးတယ်...
အဲလိုနဲ့ နားထဲ မ၀င့်တ၀င်အချိန်မှာ
ဒီဇင်ဘာ ခရစ်စမတ်ပွဲဆိုပြီး တိုင်းရင်းသားပေါင်းစုံ church မှာ
unplugged show လုပ်တယ်...
၁၀တန်းဆိုတော့ စာတွေကျက်ရတာ မောတယ်
စိတ်ပြေလက်ပျောက်လို့ အကြောင်းပြပြီး သွားကြည့်တာပေါ့
ဆိုတဲ့လူတွေလဲ တော်တော်များပါတယ်...
ဒိုးလုံးကတော့ နောက်ဆုံးပေါ့...
သူလဲတက်လာရော ဟာ...ဆိုပြီး ကြောင်ငေးသွားမိတယ်...
ဘ၀မှာ တခါမှ မမြင်ဖူးတဲ့ live performance ကို မြင်လိုက်ရတာ...
ထိုင်ခုံပေါ်မှာ ထိုင်ပြီး သီချင်းနဲ့အတူ စီးမျောနေတဲ့ပုံများ
သူရယ် သီချင်းရယ် အရာရာအားလုံးရယ် တသားထဲကျနေသလိုပဲ...
အဲဒီအချိန်ကစလို့ သူသီချင်းတွေရဲ့ အဖွဲ့အနွဲ့ အလှည့်အပြောင်း ဖန်တီးမှုတွေအောက်
သူ့အနုပညာကို အရမ်းကို ရူးသွပ်ခဲ့ပါတယ်...

တမြို့ထဲနေတော့ သူနဲ့ မကြာခဏ လမ်းမှာ ခလုတ်တိုက်မိတတ်တယ်...
မှတ်မှတ်ရရ မနက်ခင်း မြူခိုးတွေပိတ်နေပြီး အေးစက်နေတဲ့အချိန်
အိမ်နားက ဘုန်းကြီးကျောင်းလေးရဲ့ တံခါးဝရှေ့မှာ
ဂျာကင်အင်္ကျီထူကြီး နဲ့ လက်နှစ်ဖက်ထဲ လေနွေးနွေးလေးမှုတ်ထုတ်ပြီး
တစုံတရာကို မျှော်နေတဲ့ပုံမျိုးနဲ့ လာလာစောင့်နေတတ်တယ်...
လူငယ်လေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်ပေါ့...

ရန်ကုန်ကိုရောက်တော့ သူနဲ့ လူချင်းတွေ့တယ်ဆိုရုံလေး ဆုံဖြစ်တယ်...
စင်ပေါ်မှာ လူတွေကို ရူးသွပ်လောက်အောင် ဖမ်းစားနိုင်တဲ့ ဒိုးလုံးက
အပြင်လောကမှာတော့ သိပ်ရှက်တတ်တဲ့ လူအေးတယောက်ပါပဲ...

သူ့ရဲ့ တဖက်တည်း ၈ပေါက်လား မသိ
ဖောက်ထားတဲ့ နားပေါက်ကိုလဲ အငေးသားကြည့်မိတယ်...
စာရွက်ဆိုရင် ပြတ်ကျလောက်ပြီ ဆိုတဲ့အတွေးနဲ့ပေါ့...

သူမျှဝေဖူးတဲ့ အတွေးတခု...
သူ့အမေက သူ့ကိုပြောတဲ့စကားလို့ ပြောပါတယ်...
လူ့သက်တမ်းက အနှစ် ၆၀ ဆိုရင်
ဒီလောကကြီးမှာ အသက်ရှင်ခွင့်က ရက်ပေါင်း ၂၁ ၉၀၀ (တနှစ်မှာ ၃၆၅ရက်)
အဲဒီတုန်းက အသက် ၂၀ဆိုတော့ ရက်ပေါင်း ၇၃၀၀ နေခဲ့ပြီးပြီ...
ရက်ပေါင်း ၁၄၆၀၀ ပဲ ကျန်တယ်...
နေခွင့်ရတဲ့ အချိန်ဆိုတာ တိုတိုလေးရယ်...
ကိုယ်တန်တယ်ထင်တာကိုသာလုပ် တဲ့...
သူ့ရဲ့ အဲဒီစကားတခုကြောင့် ဒီနေ့ ဒီအချိန်အထိ
ချစ်တဲ့ဂီတနဲ့ ဆက်အသက်ရှင်ဖြစ်နေတယ်...

ဒါပေမယ့် ဒိုးလုံးရေ...
မင်း အသက် ၂၅နှစ်အထိ လုပ်ခဲ့တဲ့အလုပ်တွေကို
ငါ အသက် ၇၅နှစ်အထိ လုပ်ခွင့်ရရင်တောင် မမှီနိုင်ပါဘူး...
ဒီအတွက်ကြောင့် ဒီနေ့ ဒီအချိန်အထိ
ငါမင်းကို ချစ်ဆဲ...လေးစားဆဲ...မြတ်နိုးဆဲ...ကိုးကွယ်ဆဲ...

Read More...

Thursday, July 19, 2007

ညနေ

ဘာလိုလိုနဲ့ အိမ်နဲ့ အမေနဲ့ ခွဲနေရတာ ၂ နှစ်နားတောင် နီးလာပြီ
၂ နှစ်ဆိုတဲ့အချိန်က နေရာသစ်တခုမှ အသားကျနိုင်ဖို့ မလုံလောက်သေးဘူးလား
ဒီ ၂ နှစ်လုံးတောက်လျှောက် အမေ့ကို ဖုန်းဆက်ဖြစ်တိုင်း
ပြန်ချင်တယ် အမေရယ် လို့ စိတ်ထဲမှာ တတွတ်တွတ် ပြောနေမိတယ်...

ဘာရယ်မှန်းတော့ မသိဘူး...
ခံစားတတ်စ အရွယ်ကတည်းက ညနေ နေ၀င်ချိန်ဆိုရင်
အမျိုးအမည်မသိတဲ့ ခံစားချက်တခု ၀င်ဝင်လာတယ်...
ညနေတိုင်း ညနေတိုင်း အဲဒီခံစားချက်နဲ့ နေ၀င်ချိန်ကို စောင့်ကြည့်ဖြစ်တယ်...
ဒါပေမယ့် နေရာသစ်ကိုလဲ ရောက်ရော ဘာတွေ ဘယ်လို block ဖြစ်သွားတယ်မသိဘူး...
နေ၀င်လို့ ၀င်မှန်းလဲ သတိမထားမိတော့ဘူး...
၂ နှစ်တာကာလလုံးလုံး ကိုယ့်ညနေတွေ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတယ်...

ဒါပေမယ့် ဒီတလအတွင်းမှာ ထူးထူးခြားခြား ညနေအနံ့ကို ပြန်ရတယ်...
နေညိုညိုအချိန်ရဲ့ လေထုကို ပြန်ခံစားမိလာတယ်...
ကိုယ် ဒီနေရာမှာ အသားကျစပြုလာပြီလားလို့ တွေးမိတယ်...
ဒါပေမယ့် သိစိတ်ကတော့ ဟင့်အင်း...အိမ်ပဲ ပြန်ချင်တယ် တဲ့...
ကြည့်ရတာ နေသားမကျချင်တဲ့ သိစိတ်ကို
နေသားကျလာတဲ့ မသိစိတ်က အနိုင်ရလာတဲ့ သဘောများလား...

ဘာပဲဖြစ်ဖြစ် နေ၀င်ချိန်တွေ ပြန်လည်ရောက်ရှိလာတဲ့အတွက်တော့ ကြိုဆိုရမှာပဲပေါ့...

Read More...

Tuesday, July 17, 2007

သူငယ်ချင်း မင်း

အမှားဆိုတာ လူတိုင်းနဲ့ မကင်းတဲ့အရာပါ
အမှားကို သိတဲ့လူ နဲ့ မှားမှန်းကို မသိတဲ့လူ ရှိမယ်...

မှားမှန်းမသိတဲ့လူ နဲ့
မှားမယ်မှန်းသိလျက် ဇွတ်လုပ်တဲ့လူ အကြောင်းတော့ မစဉ်းစားတော့ဘူး...
မှားမှန်းကိုမသိတဲ့လူကတော့ ဘာမှ ပြောစရာမလိုပါဘူး...
မှားမယ်မှန်းသိလျက် ဇွတ်လုပ်တဲ့လူကလဲ
သူစိတ်ကျေနပ်မှုတခုခုရလို့ လုပ်တဲ့ကိစ္စမျိုး ဖြစ်မှာပါ...

ကိုယ်လုပ်တုန်းကတော့ မှန်တယ်ထင်ပြီး လုပ်လိုက်တယ်...
ကြာလာတော့မှ မှားမှန်းသိလာတဲ့လူ ရှိမယ်...
ဒါကိုလဲ ပြုပြင်ချင်စိတ်ရှိလာတဲ့ လူတယောက်အကြောင်း စဉ်းစားကြည့်ချင်လို့ပါ...

သူ ဘယ်လိုပြင်မလဲ...
ပြင်လို့ရတဲ့ အမှားဆိုရင် ခဲဖျက်နဲ့ ဖျက်လိုက်ရုံပဲပေါ့...

ပြင်လို့မရတဲ့အမှားဆိုရင်ရော???
ကိုယ်လွတ်ရုန်းထွက်ပြေးချင်လာရင်...
ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူတွေ ထိခိုက်ခဲ့ပြီလဲ...ဘယ်သူတွေ ထိခိုက်နေဆဲလဲ...

ကိုယ်ထွက်ပြေးသွားရင် သူတို့တွေ ဘာဖြစ်ကုန်မလဲ...
ထိခိုက်သူလဲ မရှိဘူး လှည့်ကြည့်စရာ ဘာမှ မရှိဘူးဆိုရင်တော့
စိတ်ခွန်အားအရင်းတည်ပြီး အသစ်ကနေ ရဲရဲကြီးပြန်စပစ်လိုက်စမ်းပါ...

ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့်ကိုယ်ပြန်ငဲ့ကြည့်ရမယ့်
လူတဦးတယောက် ရှိနေမယ်ဆိုရင်တော့ ဘာမှမလုပ်ခင် သေချာစဉ်းစားပါဦး...
စိတ်နောက်ကိုယ်ပါ လုပ်မယ့် ကိစ္စအတွက် နစ်နာသူ ဘယ်နှစ်ယောက်ရှိမယ်...
သူ့ရဲ့ အကျိုးရလာဒ်က ဘာဖြစ်မလဲဆိုတာ အရင် စဉ်းစားကြည့်သင့်ပါတယ်...
ဒီလို အခြေအနေမှာ ထွက်ပြေးဖို့ ကြိုးစားတာက
တကယ့် ထွက်ပေါက်အစစ် မဖြစ်နိုင်ဘူး...
ကိုယ့်သမိုင်းကိုယ် ရေးနေကြတဲ့ လောကစာအုပ်မှာ
တာဝန်မဲ့သူတယောက် စိတ်စေရာသွားတဲ့ လူသားတယောက် အဖြစ် ရေးခဲ့တော့မှာလား...

ကိုယ့်အမှားကြောင့် အကျိုးဆက်တွေကို ခံစားနေရတဲ့ လူသားတချို့ရှိမယ်ဆိုရင်...
ကိုယ့်အမှားကို ပြင်ချင်တဲ့ စိတ်ကြောင့် အမှားတွေထပ်ကျူးလွန်ရင်း
အဲဒီ အမှားသစ်ရဲ့ အကျိုးဆက်တွေကို ခံစားရမယ့် လူသားတချို့ရှိလာမယ်ဆိုရင်...
ဒါဟာ အမှားကို ပြင်ပုံပြင်နည်းမှားနေလို့ ဖြစ်မယ်...

ပထမအမှားကို မသိနားမလည်လို့ ဆိုပြီး လောကကြီးက ခွင့်လွှတ်လိမ့်မယ်...
အမှားရဲ့ အမှားကိုတော့ ဘယ်သူမှ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်...
သူငယ်ချင်း မင်း သတိထား...

Read More...

Sunday, July 15, 2007

International Notes ဖတ်ခြင်း (၂)

Notes တွေ တန်ဖိုး...



















Whote Note ရဲ့ တန်ဖိုးက 4 beats ရှိပါတယ်...
သဘောက ဒီသင်္ကေတကို တွေ့ရင် တီးပြီး 4 beats ကြာအောင် ဆွဲထားရပါတယ်...
သူ့ရဲ့ Rest တန်ဖိုး ဆိုရင်လဲ 4 beats ပဲ...
အဲ ဒီ သင်္ကေတကိုတွေ့ရင်လဲ 4 beats ကြာအောင် နားရမယ်...

အကျဉ်းချုပ်ရင်
Note....................Beat.................Classical Term

Whole Note...........4........................semibreve
Half Note..............2........................minim
Quarter Note........ 1........................crotchet
Eight Note...........1/2......................quaver
Sixteen Note... ....1/4.......................semi-quaver












နောက်ထပ် notes တန်ဖိုးလေးတွေ ရှိပါသေးတယ်...

1. Dotted Notes
သူကတော့ dotted အလုပ်ခံရတဲ့ notes ရဲ့ တန်ဖိုး တ၀က်ကို ထည့်ပေါင်းတာ ဖြစ်ပါတယ်...

ပထမဆုံး လိုင်းမှာ မှာ Half Note ကို Dotted ပြထားပါတယ်...
အဲဒီတော့ 2 + 1 = 3 beats ဖြစ်သွားပါတယ်...

ဒုတိယ တလိုင်းကတော့ Double Dotted Note ပါ...
2 + 1 + 1/2 = 31/2 beats

တတိယ တလိုင်းက Triple Dotted Note ပါ...
2 + 1 + 1/2 + 1/4 = 3 3/4 beats


2. Triplet






သူက notes ၂ လုံးတန်ဖိုးကို ၃လုံးခွဲတာပါ...
ဥပမာ... အပေါ်က ပထမ bar မှာ 1 beat ၂လုံးစာကို triplet လုပ်တဲ့အတွက်
note ၁လုံးစီရဲ့ တန်ဖိုးက 2/3 စီ ဖြစ်သွားပါတယ်...
ဒုတိယ bar ကို ကြည့်ရင် 1/2 beat ၂လုံးစာကို triplet လုပ်တဲ့အတွက်
၁လုံးစီတန်ဖိုးက 1/3 ဖြစ်သွားပါမယ်...

to be continued...

Read More...

Friday, July 13, 2007

International Notes ဖတ်ခြင်း (၁)

Staff ဆိုတာကို လိုင်း ၅လိုင်းနဲ့ ဖွဲ့စည်းထားတယ်









အသံကတော့ အခြေခံအားဖြင့် ၇ သံ ရှိပါတယ်
International Notes မှာတော့ ABCDEFG နဲ့ ပြတယ်








သူတို့ကို clef လို့ခေါ်တယ်...သင်္ကေတ တခုပါပဲ...

အဓိက clef အနေနဲ့ ၃မျိုးရှိတယ်...
1. G clef (Treble)
2. C clef (Alto)
3. F clef (Bass)











Clef ကို Staff တွေရဲ့ အစမှာ ရေးပြီး သူ့ရဲ့ Line ပေါ်က Notes ရဲ့
နာမည် နဲ့ အသံကို ဖော်ပြတာ ဖြစ်ပါတယ်...
ဥပမာ...G clef ကို ကြည့်ပါ...
သူ့ရဲ့ symbol လေးစတဲ့ နေရာက G Note ဖြစ်ပါတယ်...
အသံက middle C ရဲ့ အပေါ်မှာ ရှိမယ့် G ပါ...













ပုံမှန်အားဖြင့်တော့ Treble နဲ့ Bass ပဲ အသုံးများပါတယ်...














လိုင်း ၅လိုင်းထက် နိမ့်တဲ့ မြင့်တဲ့ အသံတွေကိုတော့ လိုင်းတိုလေးတွေနဲ့ ပြတယ်





လိုင်းပေါ်က အသံတွေကို မှတ်မိအောင် မှတ်နည်းလေးတွေ ရှိတယ်

Treble ရဲ့ Notes တွေကို မှတ်တာက


Every Good Boy Does Find
Every Good Boy Deserves Funs
(EGBDF)





space မှာ ရှိတာတွေကို မှတ်တာက FACE





Bass ကိုကျတော့

Good Boy Does Find Always
Good Boy Deserves Funs Always
(EGBDF)





All Cow Eat Grass (ACEG)




Treble နဲ့ Bass ကို ပေါင်းလိုက်တော့ Grand Staff ဖြစ်သွားရော

to be continued...

Read More...

**ဂီတ စာကြည့်တိုက်**

ဂီတကို ဘ၀နဲ့ ထပ်တူကို ချစ်ပါတယ်...
ဒါပေမယ့် ဖန်တီးနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုရင်တောင်
မျှဝေနိုင်သူ တယောက်တော့ ဖြစ်ချင်ပါသေးတယ်...
တနေ့နေ့မှာ ဂီတစာကြည့်တိုက်တခု ဖြစ်အောင် တည်ထောင်ဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်...
အခုထိလဲ မက်နေဆဲပါပဲ...
ဒါကို ဒီ blog လေးမှာ အစမ်းသဘောမျိုးလေး လုပ်ကြည့်ချင်တယ်...
စိတ်ပါဝင်စားတဲ့ ဘယ်သူမဆို ၀င်ရောက်ဝေမျှ ဆွေးနွေး ငြင်းခုန်ပေးကြပါနော်...
ဘယ်လောက်မှတော့ မတတ်ပါဘူး...တတ်သလောက်လေးနဲ့ပဲ စတင်ခွင့်ပြုပါ...
အမှတ်မှားနေတာတွေ ရှိရင်လဲ ၀ိုင်းဝန်းထောက်ပြပေးကြပါဦး...
ကျေးဇူးအထူး...

Read More...

Thursday, July 12, 2007

တနေ့မှာ

ကံကောင်းထောက်မစွာနဲ့ လူဖြစ်ခွင့်ရလာတဲ့နောက်တော့
ဖြစ်ချင်တာတွေရယ် လုပ်ချင်တာတွေရယ် အများကြီးပေါ့...
ငယ်ငယ်တုန်းကဆို ဖြစ်ချင်တာတွေ များလွန်းလို့ ဘယ်နှစ်ခုရှိပါလိမ့်လို့ စာရင်းလုပ်ကြည့်ယူရတယ်...
အခုလို အရွယ်ရလာတဲ့နောက်တော့ အရောင်မှိန်သွားတာနဲ့ မဖြစ်နိုင်တော့တာတွေနဲ့
အိပ်မက်တော်တော်များများ ပျောက်ကုန်တယ်...
ဒါပေမယ့် ပိုးက မသေဘူးဆိုတော့ အိပ်မက်တွေဆက်ဆက်ပြီး မက်နေတုန်းပဲ...
ဒီတခါလဲ စာရင်းလုပ်ကြည့်လိုက်ဦးမယ်...

၁။ သီချင်းတခွေလောက် ထုတ်ချင်တယ်...
၂။ စတူဒီယိုတလုံး တည်ပြီး mixer ရှေ့မှာ မိန့်မိန့်ကြီးထိုင်ပြီး mixing ဆွဲချင်တယ်...
၃။ ဂီတ စာကြည့်တိုက် လုပ်ချင်တယ်...
၎။ မိဘမဲ့ကလေးကျောင်းလေး တခုလောက် တနိုင်တပိုင် လုပ်ချင်တယ်...
၅။ အမေ သွားနိုင်လာနိုင်တုန်း ကားအသစ်လေး တစီး ၀ယ်ပေးချင်တယ်...
၆။ အင်ဂျင်နီယာကောင်းတယောက် ဖြစ်ချင်တယ်...

အခုချိန်မှာတော့ ဖြစ်ချင်တာတော်တော်များများနဲ့ အလှမ်းဝေးနေတုန်းပဲ...
မသေခင်မှာ ဘယ်နှစ်ခုဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်...

Read More...

Wednesday, July 11, 2007

အချစ်ရဲ့ အဓိပ္ပါယ် = မသိ

အချစ်…

အချစ်ဆိုတာ ဘာလဲ…
အေးချမ်းမှုလား…ပူလောင်မှုလား…
ပေးဆပ်ခြင်းလား…ရယူခြင်းလား…
လက်တွေ့လား…အိပ်မက်လား…
ယုံကြည်မှုလား…သံသယလား…

သူမရှိလို့ မဖြစ်ဘူးဆိုတာ…ကိုယ့်အတွက် မဖြစ်တာလား…သူ့အတွက် မဖြစ်တာလား…
ကိုယ့်အတွက် ဆိုရင် ကိုယ့်ကိုယ်ကို ချစ်တာလား…သူ့ကိုချစ်တာလား…

သူ့ကို လွမ်းတယ်ဆိုတာ…ကိုယ်ကမမြင်ရလို့ သူ့အနားမရှိနိုင်လို့ လွမ်းတာလား…
သူ့ကို လိုအပ်တယ်ဆိုတာ…ကိုယ့်အတွက်လား…သူ့အတွက်လား…

ဒါဆိုရင် သူ့ကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ချစ်တာလား…သူ့ကို ချစ်တာလား…

Read More...

ငါ၏ လွဲမှားမှုများ

သာမန်အားဖြင့် သုညကနေ စတွက်တတ်ကြတဲ့ လောကနိယာမမှာ
ကိုယ်က အနုတ်အင်္သချေကနေ စတွက်မိတဲ့ အခါ...

ငွေကြေးစည်းစိမ်တွေနောက် တသက်လုံးလိုက်နေတဲ့ အသိုင်းအ၀ိုင်းကြားမှာ
လွတ်လပ်မှု အငွေ့ အသက်ကို နမ်းရှိုက်ချင်တဲ့အခါ...

ပညာတတ်မှ လူ့အောက်မကျဘူးဆိုတဲ့
ခေါင်းထဲရိုက်သွင်းခဲ့တဲ့ အတွေးနဲ့ တဘ၀လုံး အသက်ရှင်လာခဲ့ရချိန်မှာ
ပိုက်ဆံရှိရင် ပညာတတ်တွေကို လက်ညှိးထိုး ခိုင်းစားမယ်ဆိုတဲ့
ခပ်ညံ့ညံ့ သူဋ္ဌေးလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ...

နေ့လားညလားမသိအောင် လင်းထိန်နေတဲ့ နီယွန်လမ်းမကြီးတွေအောက် အသက်မဲ့လမ်းလျှောက်ရင်း
တောင်နံရံတွေကြား နေလုံးကြီး ၀င်သွားတာကို စောင့်ကြည့်ခွင့်ရခဲ့တဲ့ ဘ၀ကို ပြန်တမ်းတမိတဲ့ အခါ...

မွန်းကြပ်လှောင်ပိတ် တိတ်ဆိတ်တဲ့ညဟာ
အတိတ်က ချစ်ခဲ့ စွဲလမ်းခဲ့တဲ့ အေးချမ်းငြိမ်သက် တိတ်ဆိတ်တဲ့ညနဲ့ မတူတော့တာကို သိလိုက်ရတဲ့အခါ...

အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ် ဆိုတဲ့ ရင်ထဲ ပဲ့တင်ထပ်နေတဲ့ စကားလုံးပေါင်းများစွာ
လည်ချောင်းထဲမှာပဲ အတင်းမြိုချ ပျောက်ရှသွားရတဲ့ အခါ...

တန်ဖိုးထားလွန်းလို့ ခေါင်းရင်းမှာကို ထားအိပ်တတ်တဲ့ အရာတစ်ခုကို
အခြားတစ်ယောက်က ခြေသုတ်ဖုံ လုပ်ထားတဲ့အခါ...

အိပ်မက်ထဲ ထည့်မက်ရလောက်အောင် ကိုယ်ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့အရာကို
အခြားတစ်ယောက်က စကားလေးတစ်ခွန်းထဲနဲ့ ဖျက်ဆီးလိုက်တဲ့အခါ...

အခြားတစ်ယောက်အတွက် ခြေထောက်ပေါ် လာစင်တဲ့ ရွှံစက်လေးပါ...
ကိုယ့်အတွက်ကတော့ တောင်ကြီးတစ်တောင်လုံး ပြိုကျသွားတာပါ...

Read More...

ဘာများတတ်နိုင်ဦးမလဲ

အိပ်မက်တွေ အရောင်တောက်မလာတဲ့ အခါ...
စိတ်ကူးမျှော်လင့်ချက်တွေ အရည်ပျော်သွားတဲ့ အခါ...
အဖေ နဲ့ အမေ ရဲ့ အရောင်လွင့်နေတဲ့ မျက်လုံးတွေ မြင်ယောင်လာမိတဲ့ အခါ...

တယောက်ထဲ ဆောက်တည်ရာမဲ့ အားငယ်နေမိတဲ့ အခါ...
တလောကလုံး ငြိမ်သက်နေချိန် စိတ်တွေ နားခိုရာမဲ့တဲ့ အခါ...
ရောင့်ရဲခြင်း ကို မတည်ဆောက်နိုင်တဲ့ အခါ...

ကိုယ့်သိမ်ငယ်စိတ်ကို တစ်စုံတစ်ယောက်က ရိပ်မိသွားတဲ့ အခါ...
နာကျင်မှုတွေကို သာယာလာတဲ့ အခါ...
ဆုံးရှူံးမှုတွေကို အောင်မြင်မှုရဲ့ တပိုင်းတစလို့ ခံစားလာရတဲ့ အခါ...

အချစ်ကို ခါးသီးမှုလို့ ခံစားလာရတဲ့ အခါ...
အမုန်းတွေကို စိတ်ဖြေသိမ့်စရာလို့ ထင်လာတဲ့ အခါ....
ကိုယ့်ကို ချစ်သူက နားမလည်တဲ့အခါ...
ချစ်သူကို ကိုယ်က နားမလည်နိုင်တော့တဲ့ အခါ...

သံစဉ်တပိုင်းတစလေးကိုတောင် ညည်းညူဖို့ စဉ်းစားလို့ မရတဲ့ အခါ...
ဆူညံပေါက်ကွဲတဲ့ သီချင်းတစ်ပုဒ်ကို ဆာလောင်နေချိန်မှာ နားထောင်ခွင့် မရတဲ့ အခါ...
နားထဲ မရောက်တဲ့ သီချင်းတစ်ပုဒ်ကို အဖော်သက်သက်အဖြစ် လွင့်မျောခွင့် ပြုထားရတဲ့ အခါ...

နံရံကို တံခါးတစ်ချပ်လို့ မြင်ယောင်မိတဲ့ အခါ...
ကိုယ့်စိတ်ရဲ့ ချဉ်ခြင်းတပ်မှုကို ကိုယ်ကိုယ်တိုင် နားလည်ခံစားလို့ မရနိုင်တော့တဲ့ အခါ...
ပြင်မရတဲ့ နောင်တတွေ အထပ်ထပ် တိုက်စားလာတဲ့ အခါ...

သိပ်ချစ်တဲ့ သူတွေ မုန်းသွားတဲ့ အခါ...
သိပ်မုန်းတဲ့ လူတွေကို သည်းခံပြီး ဆက်ဆံနေရတဲ့ အခါ...
နှုတ်ခမ်းဖျားက ဖွင့်ဟခွင့်မရတဲ့ စကားလုံးတွေ မြိုချလိုက်ရတဲ့ အခါ...

ကိုယ့်ဦးနှောက်လားရာကို ကိုယ့်စိတ်ဆန္ဒက လက်မခံတဲ့ အခါ...
အိပ်မက်တစ်ခု မဆုံးခင် နောက်အိပ်မက် အသစ်ကို မက်မိတဲ့ အခါမျိုးမှာ...
အခါလွန် မျှော်လင့်ချက်တစ်ချို့ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေမိတဲ့ အခါ...

နောင်တမရှိသူလို ခံစားချက်တစ်စုံတစ်ရာ မရှိသူလို ဟန်ဆောင်ပြုံးပြရင်း
ငါပိုင်ဆိုင်သော အခန်းမှောင်မှောင်လေးထဲ တိတ်တဆိတ် ကြေကွဲနေရုံက လွဲလို့...
ငါ ဘာများတတ်နိုင်ဦးမလဲ...

Read More...

အဆုံးအတွက် အစ

ဒီရက်ပိုင်းတွေမှာ ခေါင်းလာလာစားနေတာ တစ်ခုရှိတယ်...
တစ်နေ့ကျရင် အားလုံးအဆုံးသတ်ရမှာ သိရက်နဲ့ ဘာလို့ အစပြုနေကြသလဲ...
မပြီးဆုံးနိုင်တဲ့ မျှော်လင့်ချက်တွေ လိုအပ်မှုတွေ ဘာလို့ အလိုလိုပေါ်လာနေရသလဲ...
ဥပမာ...

ရန်ကုန်ကို ရောက်တော့ အဆောင်မှာနေရတယ်...
ကျောတစ်ခင်းစာလေးနဲ့ ပြတင်းပေါက်လဲ မရှိဘူး...လေကောင်းလေသန့်လဲ မရဘူး...
အဲဒီအချိန်မှာ အလိုချင်ဆုံးက အဆောင်က ပြတင်းပေါက်ပါတဲ့ အခန်းတစ်ခုခုကို ရွေှ့ရဖို့ပဲ...
၎လ၊ ၅လလောက်ကြာတော့ ပြတင်းပေါက်ပါတဲ့ အခန်းလဲရရော...ပျော်တာပေါ့...
ဒါပေမယ့် တစ်ပတ်လောက်ပဲ ကြာပါတယ်...
အဆောင်မှူးအဆူခံရပါလေရော... မကြီးမငယ်နဲ့ အဆောင်ပေါ်ကနေ မီးရှူးမီးပန်းတွေ လွှတ်ချလို့တဲ့...
အဲဒီတော့ အဆောင်မှာ နေတာ မလွတ်လပ်လိုက်တာ...
ကိုယ့်တိုက်ခန်းလေးကိုယ် ငှားနေချင်လိုက်တာ ဖြစ်ပြန်ရော...
ကံကောင်းချင်တော့ သူငယ်ချင်းတွေ စုမိပြီး အတူတူ တိုက်ခန်းငှားနေဖို့ ဖြစ်လာတယ်...
အဲဒါနဲ့ ရရာတိုက်ခန်း အမြန်ငှားလိုက်တယ်...
အဆောင်မှာ တစက္ကန့်မှ မနေချင်တော့ဘူး မဟုတ်လား...
အဲဒီတိုက်ခန်းမှာ နေနေရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ဘတ်စ်ကားမှတ်တိုင်နဲ့ ဝေးတယ်...
လေ၀င်လေထွက်မကောင်းဘူး ဖြစ်လာတော့ ပြောင်းချင်ပြန်ပြီ နောက်တစ်ခါ...
ပြောင်းလဲ ပြောင်းဖြစ်သွားပါတယ်...ဒီတစ်ခါတော့ ဈေးလဲနီးတယ်...ဘတ်စ်ကားမှတ်တိုင်လဲ နီးတယ်...
ဘေးပတ်ဝန်းကျင်မှာလဲ ကိုယ့်တိုက်ခန်းက အမြင့်ဆုံးဆိုတော့ လေကလဲ တိုက်မှတိုက်...
ကဲ ဘာလိုသေးလဲ...
ဈေးနားနီးတော့ ညနေ ညနေဆို အမှိုက်ပုံ အကြီးကြီးကနေ နံလာတယ်...
TVလဲ ကြည့်ချင်တယ် ပျင်းလို့တဲ့...
အဲဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်မြင်လာတယ်...
ငါဟာ အဆောင်အစုတ်လေးကနေ ဒီတိုက်ခန်းရောက်တဲ့အထိ နေဖို့တစ်နေရာလေးအတွက် စိတ်မောလူမောဖြစ်လိုက်ရတာ...
အဆင်ပြေပြီဆိုတော့လဲ မကျေနပ်သေးပါလားလို့...
လိုချင်တပ်မက်မှုတွေ အဆုံးရောသတ်နိုင်ပါ့မလားလို့ တွေးပြီးကြောက်ကြောက်လာမိတယ်...

အခုဆိုလဲ အိမ်ထောင်ပြုဖို့ စဉ်းစားလာရပြီ...
ဘာလို့အိမ်ထောင်ပြုရမှာလဲ...အမေကပြောတယ်...အေးအတူ ပူအမျှ ဆေးပေးမီးယူ ဘာဘာညာညာပေါ့...
အိုကေ... ဒါပဲလားဆိုတော့...
အိမ်ထောင်ပြုပြီး ကလေး ယူကိုယူမှ ဖြစ်မယ်တဲ့...
ဘာလို့လဲဆိုတော့ ကလေးရှိမှ ဒီအိမ်ထောင်တည်မြဲမယ်...
အသက်ကြီးလာရင် ကိုယ့်ကိုပြန်ကြည့်မယ့်သူ ရှိမယ်တဲ့...
အိမ်ထောင်တည်မြဲဖို့ ကလေးယူတာ သဘာဝကျရဲ့လား...
လူနှစ်ယောက်ပေါင်းကြတဲ့နောက် တနေ့နေ့မှာ ရှင်ကွဲမကွဲလဲ သေကွဲကွဲကြရမှာပဲ မဟုတ်လား...
တည်မြဲတယ်ဆိုတာလဲ အခိုက်အတန့်ကာလ တစ်ခုပါ...
နည်းနည်းတော့ လွဲနေပြီ ထင်တာပဲ...
သံယောဇဉ်အကြီးကြီးတွေ ကိုယ်ကိုယ်တိုင်ရှာပြီး
နောင်တချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ခဲရာခဲဆစ် ပြန်ဖြတ်ရမယ့် အတူတူ
အစကတည်းက သံယောဇဉ်တွေ နည်းနိုင်သမျှ နည်းအောင် နေတာ ပိုမကောင်းဘူးလား...
အဲဒါ...အဲဒါတွေ...

Read More...

Tuesday, July 10, 2007

ဗလာ

ငါလိုချင်တာ တိမ်တိုက်တခု မဟုတ်ခဲ့ပါဘူး...
ကြယ်စင်တစင်းလဲ မဟုတ်ခဲ့ပါဘူး...
ဖမ်းဆုပ်လို့မရတဲ့ အတ္တတွေလဲ မကြီးလွန်းခဲ့ပါဘူး...
လက်ချည်းသက်သက် သွားရမယ့် ခရီးမှာ လိုချင်တပ်မက်မှု လောဘတွေလဲ မထားခဲ့ပါဘူး...
ငါချစ်တဲ့ ဂစ်တာတလက်နဲ့ လမ်းတူတူလျှောက်နေရရင် ရောင့်ရဲကျေနပ်နေတတ်သူပါ...

မျက်နှာမှာ အပြုံးတုတခု ကောက်တပ်ထားပေမယ့်
ရင်ဘတ်ထဲက နာကျင်နေတာက ထိန်းလို့မရဘူး...
ဘယ်လိုအကြောင်းမျိုးတွေကြောင့် ဒီနေ့ ဒီအချိန် ဒီနေရာကို ရောက်ရှိနေသလဲ...
ငါ့လက်ထဲက အချိန်တွေကို ဘယ်သူက မောင်းနှင်နေသလဲ...
မေးခွန်းပေါင်းများစွာ ငါ့ရဲ့ စိတ်တံခါးဝက ပြေးဝင်လာ....

အနီရောင် တံလျှပ်တခု ဖြတ်စီးသွားချိန်မှာ ဗလာဖြစ်နေတဲ့ ဦးနှောက်က အမှတ်တမဲ့ ထဆူပွက်တယ်...
အိမ်ကိုလွမ်းလိုက်တာတဲ့...

Read More...

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro