Wednesday, August 29, 2007

ငါ = လူသား

အရင်လို ဖြူစင်ရိုးသားတဲ့ အပြုံးသန့်သန့်လေးတွေ ပိုင်ဆိုင်တဲ့
လူငယ်လေးတယောက် မဟုတ်တော့ဘူး...
နေညိုချိန်တွေမှာ အဝေးက တောင်ပြာတန်းတွေကို
တရှိုက်မက်မက် မျှော်ငေးခွင့်ရတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ရည်မှန်းချက်တွေ တလှေကြီးနဲ့ အိပ်မက်ကျောပိုးအိတ်ကို လွယ်ပြီး
ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ငါပိုင်ဆိုင်တဲ့ လက်နှစ်ဖက်နဲ့ အရာရာကို ထုဆစ်နိုင်မယ်လို့
ယုံကြည်ခဲ့တဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
အချိန်ဆိုတဲ့ ရေစီးကြောင်းထဲ မသိလိုက်မသိဘာသာ စီးမျောနေရင်း
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ...

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူသားတယောက်...
ရှေ့ဆက် ပျံသန်းဖို့ အတောင်ပံတစ်စုံ အားလျော့လာတဲ့ လူသားတယောက်...
ရင့်ကျက်ခြင်းကို ပိုင်ဆိုင်ဖို့ ခါးသက်တဲ့ ခံစားချက်မျိုးစုံကို
မျက်နှာချင်းဆိုင်ရမယ်ဆိုတာ နားလည်စပြုလာတဲ့ လူသားတယောက်...
တခါလဲကျရင် တခါပြန်ထူမနိုင်ဖို့ သွေးပျက်စပြုလာတဲ့လူသားတယောက်...
နာကျင်ခြင်းတွေရဲ့ အဆုံးစွန်မှာ
အသက်ရှူနေလို့သာ လူနဲ့တူတော့တဲ့ စက်ရုပ်တကောင်...

ဒီလို အသွင်ပြောင်း စက်ရုပ်တကောင်မှာ နောက်ဆုံးကျန်ရစ်တာက...
အမေ့ကို ချစ်တဲ့စိတ်ရယ်...
အဝေးတနေရာက မှိုင်းညို့ညို့ မြို့ငယ်လေးကို လွမ်းတဲ့စိတ်ရယ်...
ဒီခံစားချက် တစုံတရာကြောင့် ငါ့ကိုယ်ငါ လူသားတယောက်ရယ်လို့ အားတင်းသတ်မှတ်မိနေသေးတယ်...

0 comments:

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro