Tuesday, August 21, 2007

ကိုမြင့်မိုးအောင်

ကျောင်းတွေ တက်နေရင်းနဲ့ ကိုယ့်ဘ၀လမ်းကို
ကိုယ်ကိုယ်တိုင် သံသယဖြစ်လာခဲ့တဲ့ အချိန်...
ဘယ်ကိုသွားမှာလဲ ဘာကိုလုပ်ရမှာလဲ
လုပ်ချင်တာကို လုပ်ရမှာလား လုပ်သင့်တာကို လုပ်ရမှာလား ဆိုတဲ့
အတွေးစတွေနဲ့ အကြီးအကျယ် နပန်းလုံးနေခဲ့ရတဲ့အချိန်...

လုပ်ချင်တာကို လုပ်ဖို့ အရည်အချင်း မပြည့်ဘူး
လုပ်သင့်တာကို လုပ်ဖို့ လုံလောက်တဲ့ စိတ်ဓါတ်အင်အားမရှိဘူး ဆိုပြီး
သိမ်ငယ်စိတ်တွေ အားငယ်စိတ်တွေနဲ့ လမ်းပျောက်နေတဲ့အချိန်...

အဲဒီလို အချိန်ကာလတခုမှာ ကိုမြင့်မိုးအောင်ရဲ့ အင်တာဗျူးတခုကို
အမှတ်မထင် ကံကောင်းထောက်မစွာနဲ့ ဖတ်လိုက်ရတယ်...

(မှတ်မိသလို ပြန်ရေးတာပါ)

သူဟာ အရာရာကို ငြီးငွေ့လွယ်သူပါ
မူးယစ်ဆေးဝါးကအစ ကိစ္စတော်တော်များများကို
ငြီးငွေ့တဲ့ ရှုထောင့်ကနေ ကြည့်တတ်ခဲ့ပါတယ်
အခုအချိန်ထိ မငြီးငွေ့နိုင်လောက်အောင်
သူ့ကို ဆွဲဆောင်ထားတဲ့ အရာနှစ်ခုက
ဂီတ နဲ့ ဘာသာတရား ပါ တဲ့...
ဒီဘ၀မှာရော နောင်ဖြစ်လေရာ ဘ၀မှာပါ
ဒီလမ်း ၂ခုကို ရောက်နိုင်သမျှ ဆက်လျှောက်သွားချင်သူပါ တဲ့...

ဒီစကားစုကို ဖတ်ပြီးအကြာကြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်...
ငါဟာ ဘာတွေကို ငြီးငွေ့ခဲ့ပြီလဲ...ဘာတွေက အသစ်ဖြစ်နေဆဲလဲ...
နောက်ဘ၀အထိအောင် ငါလုပ်ချင်နေမယ့် အရာက ဘာလဲ...

အဖြေရချင်တော့လဲ ဦးနှောက်ထဲ မီးသီးလင်းသွားသလို ဖြတ်ကနဲပဲ...
အိပ်မက်တွေကို ဇကာစစ်လိုက်တော့ ကျန်ရစ်တာ ဂီတ...

သူ့ရဲ့ စကားတခွန်းနဲ့ တသက်စာ ခွန်အားတွေ ဘ၀နေနည်းတွေ ရရှိခဲ့တယ်...
ကိုယ်ကိုယ်တိုင် ယုံကြည်ကျေနပ်တဲ့ အဖြေကို ရပြီးတဲ့နောက်
လွတ်လပ်တဲ့စိတ်နဲ့ အသက်ရှင်လို့ ရလာတယ်...

သူဟာ သီချင်းရေးဆရာ တယောက် ဖြစ်ပါတယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ ဆရာတဆူ ကျေးဇူးရှင်တယောက် အနေနဲ့ တည်ရှိပါတယ်...

0 comments:

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro