Friday, August 3, 2007

နာမည်

ဂစ်တာတွေကို နာမည်ပေးတဲ့အကျင့် ရှိကြလား
ဂစ်တာတွေကို သက်ရှိတယောက်လို သဘောထားပြီး
နာမည်ပေးရတာ သဘောကျတယ်

ထူးဆန်းတာတခုက တချို့ ဂစ်တာတွေကို ကောင်မလေးလို့ ခံစားရပြီး
တချို့ဂစ်တာတွေက ကောင်လေး ဖြစ်နေတတ်တာပဲ

ပထမဆုံး ကိုယ်ပိုင်ရတဲ့ ဂစ်တာလေးက ကောင်မလေး
သူ့နာမည်ကို horizon လို့ ပေးထားတယ်
အဲဒီတုန်းက တဖြောင့်တည်း နေချင်ခဲ့ပုံရတယ်
ဂစ်တာအပေါ်မှာ ကိုလေးဖြူပုံ စတစ်ကာအကြီးကြီး ကပ်ထားတယ်

ဒုတိယ ဂစ်တာက ကလပ်စစ်ကယ် ဂစ်တာ
နှစ်တော်တော်များများ တူတူရှိခဲ့တဲ့ အဖော်ကောင်းလေး
သူ့နာမည်က heaven
နာမည်နဲ့လိုက်အောင်ပဲ သူနဲ့ နေရတဲ့ အချိန်တိုင်းဟာ ငြိမ်းချမ်းလွန်းခဲ့တယ်
သူကလဲ ကောင်မလေးပဲ

နောက်ပိုင်းတော့ နာမည်မပေးနိုင်တော့လောက်အောင် ဖြစ်သွားတယ်
အသစ်ရတဲ့ ဂစ်တာတွေကို သိပ်မတွယ်ငြိတော့တာလဲ ဖြစ်နိုင်တယ်

အခုနောက်ဆုံး ဂစ်တာလေးကိုတော့ တော်တော်ချစ်တယ်
ဒီတလုံးကိုတော့ ကောင်လေးလို့ ခံစားရတယ်
နာမည်ကို neo လို့ပေးထားတယ်
သူနဲ့ကျမှ ဂစ်တာတလက်ကို မြတ်နိုးငြိတွယ်တဲ့ စိတ်တွေ အသစ်ပြန်ဖြစ်လာလို့

အရင်ဂစ်တာတွေကို မြတ်နိုးတဲ့စိတ်တခုထဲနဲ့ ယုယုယယလေး နူးနူးညံ့ညံ့လေး ချစ်ခဲ့တယ်
ပျောက်ဆုံးသွားမှာ တစုံတရာ ထိရှသွားမှာ အရမ်းကို ပူပန်တတ်ခဲ့တယ်
အခုဂစ်တာကိုတော့ စိတ်ဒဏ်ရာတွေ ဘ၀အမောတွေ ဖြေပေးတဲ့
ရင်ခွင်တခုလို ခံစားမိတယ်

ကိုယ့်ရဲ့လိုအပ်ချက်ကို လိုက်ပြီး သူတို့ကို ကိုယ်ဖြစ်စေချင်သလို ပုံဖော်လိုက်တာ
သူတို့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ နာမည်တခုဆိုတာ
တကယ်တော့ ကိုယ့်အတွက် လက်ရှိအချိန်ရဲ့ လိုအပ်ချက်တခုပါပဲ
ဒီလိုပဲ ထင်တာပဲ

2 comments:

ကျော်စွာ said...

အရင်က ငါ့မှာ လဲ ငါအရမ်း မြတ်နိုးတဲ့ ဂစ်တာလေး ရှိတယ်. အခုတော့ ဂစ်တာလေးက သေသွားပြီ...........
;-(

Color Blind said...

သေသွားရင် အချစ်သစ်ရှာလေ သူငယ်ချင်းရ...
တချိန်ချိန်မှာတော့ အလိုလို တွေ့လာမှာပါ...
အဲဒီအချိန်ကျရင် အလွမ်းတွေကို သိမ်းထားဖို့တော့ လိုလိမ့်မယ်...

Template Designed by Douglas Bowman - Updated to Beta by: Blogger Team
Modified for 3-Column Layout by Hoctro