ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ (Chicken soup) ကြောင့်
နှစ်ပေါင်းများစွာ အကျဉ်းကျနေတဲ့ စိတ်တွေ လွတ်မြောက်ခွင့်ရခဲ့ဖူးတယ်
...................................
ငယ်ငယ်က မောင်နှမတွေထဲမှာ အကြီးဆုံး ဖြစ်ရတာကို တော်တော် စိတ်ပျက်ခဲ့တယ်
စာနဲ့ ပတ်သက်လို့ဖြစ်ဖြစ် တခြား အသိပညာတွေ ဖြစ်ဖြစ်
အရာအားလုံးကို ကိုယ့်ဟာကိုယ် စမ်းတ၀ါးဝါးသွားရတယ်...
အဲဒီတော့ ရွယ်တူတွေထဲမှာ ကိုယ်က ဘာမဆို နောက်ကျနေလေ့ရှိတယ်...
ဥပမာ...ဖတ်စာအုပ်ဆို ကျောင်းဖွင့်တာတောင် မရသေးဘူး
(အဲဒီအချိန်တုန်းက ဖတ်စာအုပ်က ကျောင်းက ထုတ်ပေးမှရတာ)
သူငယ်ချင်းတွေက အကိုအမတွေရဲ့ ဖတ်စာအုပ်တွေနဲ့ အဆင်ပြေနေချိန်မှာ
ကိုယ်က ဗလာစာအုပ်လေး ကိုင်ပြီး ဖတ်စာအုပ်ကိုမျှော်လိုက်ရတာ...
နောက်ပြီး အကြီးပဲ အလျှော့ပေးလိုက်ဆိုတဲ့ စကားကိုလဲ မကြိုက်ဘူးလေ...
အငယ်ဖြစ်ချင်လိုက်တာ လို့ မကျေနပ်စိတ်နဲ့ မဖြစ်နိုင်တာကို တောင့်တမိတယ်...
အဲဒီလိုနဲ့ တယောက်ထဲ ပဋိပက္ခဖြစ်နေတုန်း ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ နဲ့ တွေ့တယ်
စာအုပ်ထဲက အဖြစ်အပျက်လေးက...
လူငယ်လေးတယောက်ကို သူ့ရဲ့အစ်ကိုက ကားသစ်တစ်စီး ၀ယ်ပေးပါတယ်
လူငယ်လေးကလဲ အရမ်းဝမ်းသာဂုဏ်ယူနေတာပေါ့...
အဲဒီမှာ သူက သူ့အသိ ကောင်ငယ်လေး တယောက်ဆီကို
ကားသစ်လေး ကြွားဖို့ သွားတော့ ကောင်ငယ်လေးက အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတယ်...
(အဲဒီကောင်လေးက ခြေတဖက်မသန်ဘူး)
သူက ကောင်လေးဆီကို လျှောက်သွားရင်း
"ဟေ့ကောင် ဒါ ငါ့အစ်ကို ငါ့ကို ၀ယ်ပေးတဲ့ကားကွ" လို့ ကြွားပြောလေး ပြောတယ်...
အဲဒီအချိန်မှာ ကောင်လေးရဲ့ မျက်လုံးတွေ အရောင်တလက်လက်တောက်ပလာတာကို
လူငယ်လေးက သတိထားမိတော့
"ဘာလဲကွ မင်းအားကျနေပြီလား
မင်းအစ်ကို ကို မင်းအတွက် ကားဝယ်ပေးဖို့ ပူဆာတော့ မလို့လား" လို့ မေးလိုက်တယ်
ကောင်လေးက ပြန်ဖြေတယ်
"မဟုတ်ဘူးဗျ တနေ့နေ့ကျရင် ကျွန်တော့် ညီလေးကို
ဒီလိုကားမျိုးဝယ်ပေးနိုင်တဲ့ အစ်ကို ဖြစ်ချင်တာ" တဲ့...
မှတ်မှတ်ရရ နောက်ဆုံးစာကြောင်းလေး ဖတ်ပြီးတဲ့အချိန်မှာ
ကိုယ့်ဖြစ်နေတဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်လိုက်တာ...
ဘာဖြစ်လို့များ သူတွေးတဲ့ဘက်က တခါမှ မတွေးကြည့်မိတာပါလိမ့်လို့...
ဒါနဲ့ပဲ အဲဒီအချိန်ကစပြီး အကြီးဆုံး ဖြစ်ရခြင်းကို ကျေနပ်တဲ့သူ
ပေးဆပ်ရခြင်းကို ပျော်မွေ့တတ်လာတဲ့သူ ဖြစ်လာပါတယ်...
ရယူခြင်းကြောင့် ဖြစ်တဲ့ ဂုဏ်ယူစိတ် နဲ့
ပေးဆပ်ခြင်းကြောင့် ဖြစ်တဲ့ ပီတိ ကို ခွဲခြားတတ်လာခဲ့တယ်...
ဆရာဖေမြင့်ရေ...ကျေးဇူးပါ...
Wednesday, August 29, 2007
ဆန့်ကျင်ဘက်က အတွေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment