ဒီရက်ပိုင်းတွေမှာ ခေါင်းလာလာစားနေတာ တစ်ခုရှိတယ်...
တစ်နေ့ကျရင် အားလုံးအဆုံးသတ်ရမှာ သိရက်နဲ့ ဘာလို့ အစပြုနေကြသလဲ...
မပြီးဆုံးနိုင်တဲ့ မျှော်လင့်ချက်တွေ လိုအပ်မှုတွေ ဘာလို့ အလိုလိုပေါ်လာနေရသလဲ...
ဥပမာ...
ရန်ကုန်ကို ရောက်တော့ အဆောင်မှာနေရတယ်...
ကျောတစ်ခင်းစာလေးနဲ့ ပြတင်းပေါက်လဲ မရှိဘူး...လေကောင်းလေသန့်လဲ မရဘူး...
အဲဒီအချိန်မှာ အလိုချင်ဆုံးက အဆောင်က ပြတင်းပေါက်ပါတဲ့ အခန်းတစ်ခုခုကို ရွေှ့ရဖို့ပဲ...
၎လ၊ ၅လလောက်ကြာတော့ ပြတင်းပေါက်ပါတဲ့ အခန်းလဲရရော...ပျော်တာပေါ့...
ဒါပေမယ့် တစ်ပတ်လောက်ပဲ ကြာပါတယ်...
အဆောင်မှူးအဆူခံရပါလေရော... မကြီးမငယ်နဲ့ အဆောင်ပေါ်ကနေ မီးရှူးမီးပန်းတွေ လွှတ်ချလို့တဲ့...
အဲဒီတော့ အဆောင်မှာ နေတာ မလွတ်လပ်လိုက်တာ...
ကိုယ့်တိုက်ခန်းလေးကိုယ် ငှားနေချင်လိုက်တာ ဖြစ်ပြန်ရော...
ကံကောင်းချင်တော့ သူငယ်ချင်းတွေ စုမိပြီး အတူတူ တိုက်ခန်းငှားနေဖို့ ဖြစ်လာတယ်...
အဲဒါနဲ့ ရရာတိုက်ခန်း အမြန်ငှားလိုက်တယ်...
အဆောင်မှာ တစက္ကန့်မှ မနေချင်တော့ဘူး မဟုတ်လား...
အဲဒီတိုက်ခန်းမှာ နေနေရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ဘတ်စ်ကားမှတ်တိုင်နဲ့ ဝေးတယ်...
လေ၀င်လေထွက်မကောင်းဘူး ဖြစ်လာတော့ ပြောင်းချင်ပြန်ပြီ နောက်တစ်ခါ...
ပြောင်းလဲ ပြောင်းဖြစ်သွားပါတယ်...ဒီတစ်ခါတော့ ဈေးလဲနီးတယ်...ဘတ်စ်ကားမှတ်တိုင်လဲ နီးတယ်...
ဘေးပတ်ဝန်းကျင်မှာလဲ ကိုယ့်တိုက်ခန်းက အမြင့်ဆုံးဆိုတော့ လေကလဲ တိုက်မှတိုက်...
ကဲ ဘာလိုသေးလဲ...
ဈေးနားနီးတော့ ညနေ ညနေဆို အမှိုက်ပုံ အကြီးကြီးကနေ နံလာတယ်...
TVလဲ ကြည့်ချင်တယ် ပျင်းလို့တဲ့...
အဲဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်မြင်လာတယ်...
ငါဟာ အဆောင်အစုတ်လေးကနေ ဒီတိုက်ခန်းရောက်တဲ့အထိ နေဖို့တစ်နေရာလေးအတွက် စိတ်မောလူမောဖြစ်လိုက်ရတာ...
အဆင်ပြေပြီဆိုတော့လဲ မကျေနပ်သေးပါလားလို့...
လိုချင်တပ်မက်မှုတွေ အဆုံးရောသတ်နိုင်ပါ့မလားလို့ တွေးပြီးကြောက်ကြောက်လာမိတယ်...
အခုဆိုလဲ အိမ်ထောင်ပြုဖို့ စဉ်းစားလာရပြီ...
ဘာလို့အိမ်ထောင်ပြုရမှာလဲ...အမေကပြောတယ်...အေးအတူ ပူအမျှ ဆေးပေးမီးယူ ဘာဘာညာညာပေါ့...
အိုကေ... ဒါပဲလားဆိုတော့...
အိမ်ထောင်ပြုပြီး ကလေး ယူကိုယူမှ ဖြစ်မယ်တဲ့...
ဘာလို့လဲဆိုတော့ ကလေးရှိမှ ဒီအိမ်ထောင်တည်မြဲမယ်...
အသက်ကြီးလာရင် ကိုယ့်ကိုပြန်ကြည့်မယ့်သူ ရှိမယ်တဲ့...
အိမ်ထောင်တည်မြဲဖို့ ကလေးယူတာ သဘာဝကျရဲ့လား...
လူနှစ်ယောက်ပေါင်းကြတဲ့နောက် တနေ့နေ့မှာ ရှင်ကွဲမကွဲလဲ သေကွဲကွဲကြရမှာပဲ မဟုတ်လား...
တည်မြဲတယ်ဆိုတာလဲ အခိုက်အတန့်ကာလ တစ်ခုပါ...
နည်းနည်းတော့ လွဲနေပြီ ထင်တာပဲ...
သံယောဇဉ်အကြီးကြီးတွေ ကိုယ်ကိုယ်တိုင်ရှာပြီး
နောင်တချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ခဲရာခဲဆစ် ပြန်ဖြတ်ရမယ့် အတူတူ
အစကတည်းက သံယောဇဉ်တွေ နည်းနိုင်သမျှ နည်းအောင် နေတာ ပိုမကောင်းဘူးလား...
အဲဒါ...အဲဒါတွေ...
Wednesday, July 11, 2007
အဆုံးအတွက် အစ
Posted by Color Blind at 6:16 PM
Labels: စိတ်သွားရာ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment