ဒိုးလုံး ဒိုးလုံး ဒိုးလုံး...
ဒီနေ့အထိ တောင်ကြီးမြို့ရဲ့ ဘယ်ရှိုးမှာမဆို ဘယ်သူပဲဆိုဆို
အခုချိန်အထိ ကြားနေရဆဲ ပရိသတ်တွေရဲ့အသံ...
အားလုံးအားလုံး သူ့ကိုချစ်ခင်မြတ်နိုးစွာနဲ့ မမေ့နိုင်ကြသေးဘူး...
အလွမ်းမပြေနိုင်ကြသေးဘူး...
သူ့သီချင်းတွေကို နားထောင်ရင်း သူနဲ့ အမှတ်တရတချို့ကို ပြန်သတိရမိတယ်...
ပထမဆုံး သူအခွေစထွက်တော့ (၁၉၉၇ ထင်တယ်)
အခွေကာဗာကို ကြည့်ပြီး ဘယ်လိုကြီးပါလိမ့်လို့ တွေးမိတယ်...
မြင်နေကြ ကာဗာတွေလိုမှ မဟုတ်ပဲ...
မိန်းမကြီးတယောက် ခွေခေါက်ပြီး ကနေလိုက်တာ...
အရိုးထိအောင်ရူး ဆိုတဲ့ album title နဲ့တော့ အံကိုက်ပါပဲ...
စစချင်း နားထောင်တော့ စာသားတွေကလဲ အဆန်းတွေ...
လက်မခံနိုင်ဘူး...ဒါပေမယ့်
ထပ်ပြီးနားထောင်ချင်လာအောင်တော့ ဆွဲဆောင်ထားသေးတယ်...
အဲလိုနဲ့ နားထဲ မ၀င့်တ၀င်အချိန်မှာ
ဒီဇင်ဘာ ခရစ်စမတ်ပွဲဆိုပြီး တိုင်းရင်းသားပေါင်းစုံ church မှာ
unplugged show လုပ်တယ်...
၁၀တန်းဆိုတော့ စာတွေကျက်ရတာ မောတယ်
စိတ်ပြေလက်ပျောက်လို့ အကြောင်းပြပြီး သွားကြည့်တာပေါ့
ဆိုတဲ့လူတွေလဲ တော်တော်များပါတယ်...
ဒိုးလုံးကတော့ နောက်ဆုံးပေါ့...
သူလဲတက်လာရော ဟာ...ဆိုပြီး ကြောင်ငေးသွားမိတယ်...
ဘ၀မှာ တခါမှ မမြင်ဖူးတဲ့ live performance ကို မြင်လိုက်ရတာ...
ထိုင်ခုံပေါ်မှာ ထိုင်ပြီး သီချင်းနဲ့အတူ စီးမျောနေတဲ့ပုံများ
သူရယ် သီချင်းရယ် အရာရာအားလုံးရယ် တသားထဲကျနေသလိုပဲ...
အဲဒီအချိန်ကစလို့ သူသီချင်းတွေရဲ့ အဖွဲ့အနွဲ့ အလှည့်အပြောင်း ဖန်တီးမှုတွေအောက်
သူ့အနုပညာကို အရမ်းကို ရူးသွပ်ခဲ့ပါတယ်...
တမြို့ထဲနေတော့ သူနဲ့ မကြာခဏ လမ်းမှာ ခလုတ်တိုက်မိတတ်တယ်...
မှတ်မှတ်ရရ မနက်ခင်း မြူခိုးတွေပိတ်နေပြီး အေးစက်နေတဲ့အချိန်
အိမ်နားက ဘုန်းကြီးကျောင်းလေးရဲ့ တံခါးဝရှေ့မှာ
ဂျာကင်အင်္ကျီထူကြီး နဲ့ လက်နှစ်ဖက်ထဲ လေနွေးနွေးလေးမှုတ်ထုတ်ပြီး
တစုံတရာကို မျှော်နေတဲ့ပုံမျိုးနဲ့ လာလာစောင့်နေတတ်တယ်...
လူငယ်လေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်ပေါ့...
ရန်ကုန်ကိုရောက်တော့ သူနဲ့ လူချင်းတွေ့တယ်ဆိုရုံလေး ဆုံဖြစ်တယ်...
စင်ပေါ်မှာ လူတွေကို ရူးသွပ်လောက်အောင် ဖမ်းစားနိုင်တဲ့ ဒိုးလုံးက
အပြင်လောကမှာတော့ သိပ်ရှက်တတ်တဲ့ လူအေးတယောက်ပါပဲ...
သူ့ရဲ့ တဖက်တည်း ၈ပေါက်လား မသိ
ဖောက်ထားတဲ့ နားပေါက်ကိုလဲ အငေးသားကြည့်မိတယ်...
စာရွက်ဆိုရင် ပြတ်ကျလောက်ပြီ ဆိုတဲ့အတွေးနဲ့ပေါ့...
သူမျှဝေဖူးတဲ့ အတွေးတခု...
သူ့အမေက သူ့ကိုပြောတဲ့စကားလို့ ပြောပါတယ်...
လူ့သက်တမ်းက အနှစ် ၆၀ ဆိုရင်
ဒီလောကကြီးမှာ အသက်ရှင်ခွင့်က ရက်ပေါင်း ၂၁ ၉၀၀ (တနှစ်မှာ ၃၆၅ရက်)
အဲဒီတုန်းက အသက် ၂၀ဆိုတော့ ရက်ပေါင်း ၇၃၀၀ နေခဲ့ပြီးပြီ...
ရက်ပေါင်း ၁၄၆၀၀ ပဲ ကျန်တယ်...
နေခွင့်ရတဲ့ အချိန်ဆိုတာ တိုတိုလေးရယ်...
ကိုယ်တန်တယ်ထင်တာကိုသာလုပ် တဲ့...
သူ့ရဲ့ အဲဒီစကားတခုကြောင့် ဒီနေ့ ဒီအချိန်အထိ
ချစ်တဲ့ဂီတနဲ့ ဆက်အသက်ရှင်ဖြစ်နေတယ်...
ဒါပေမယ့် ဒိုးလုံးရေ...
မင်း အသက် ၂၅နှစ်အထိ လုပ်ခဲ့တဲ့အလုပ်တွေကို
ငါ အသက် ၇၅နှစ်အထိ လုပ်ခွင့်ရရင်တောင် မမှီနိုင်ပါဘူး...
ဒီအတွက်ကြောင့် ဒီနေ့ ဒီအချိန်အထိ
ငါမင်းကို ချစ်ဆဲ...လေးစားဆဲ...မြတ်နိုးဆဲ...ကိုးကွယ်ဆဲ...
Monday, July 23, 2007
ဒိုးလုံး
Posted by Color Blind at 9:28 AM
Labels: ချစ်သော, ကောက်ကြောင်း
Subscribe to:
Post Comments (Atom)
2 comments:
**အန်တီမေငြိမ်းရဲ့ cbox က စာကို ကူးထားတာပါ**
မေငြိမ်း: သမီး..တကယ်ပဲ ဒိုးလုံးနဲ့ ပတ်သက်ရင် ခံစားရပုံတွေတူတယ်။ ဒိုးလုံးဟာ အံ့သြဘနန်းဆန်တဲ့ ဂီတ၀ိဥာဉ်ပါ။
ဒီုးလုံးကိုအရမ်းကြိုက်ပါတယ်။
ဒါပေမယ့် သူ့လောက်သတ်တိမရှိတာကိုယ့်ကိုယ်ကို စိတ်ကုန်တယ်။
Post a Comment