အသည်းကွဲတဲ့ ညနေခင်းတစ်ခုမှာ
မျှော်လင့်ခြင်းကို သိသူက တယောက်
ဥပက္ခာပြု ကျောခိုင်းသူက တယောက်
ဒီနှစ်ယောက်က တယောက်ထဲ ဖြစ်သွားချိန်မှာ
အိပ်ပျက်ညတခု ထပ်တိုးလာရုံလေးပါပဲ
အနာတရ ပမာဏကိုတော့ ထည့်မတွက်နဲ့ပေါ့...
Sunday, July 29, 2007
အိပ်ပျက်ည
Posted by Color Blind at 2:16 AM 0 comments
Labels: စိတ်ဖြေရာ
Saturday, July 28, 2007
Keys & Scales
A scale is a sequence of related notes.
Scale တခု ရဲ့ ပထမဆုံး note ကို Root note လို့ သတ်မှတ်ပြီး
အဲဒီ Root Note ကပဲ အဲဒီ Scale ရဲ့ Key ဖြစ်ပါတယ်..
*Root Note = Key of that particular scale
..........................................................
Scale တွေ အမျိုးမျိုးရှိတယ်...
သူတို့ရဲ့ကွာခြားချက်က tone interval ပါ...
ပထမဆုံး မှတ်ထားရမှာက Notes Name တွေနဲ့ intreval ဆက်စပ်ပုံပါ...
C D E F G A B C ဆိုပြီး ရှိရာမှာ
E F နဲ့ B C ကြားမှာ half tone ပဲ ရှိပါတယ်...
ကျန်တာတွေက whole tone ပါ...
ဒိုရေမီဖာဆိုလာတီဒိုး မှာ
မီ နဲ့ ဖာ ကြား half tone, တီ နဲ့ ဒိုး ကြားမှာ half tone ဆိုတာနဲ့ တူတူပါပဲ...
ဒိုရေမီဖာက အသံအနေနဲ့ ပြောတယ်...
ABCD က note name အနေနဲ့ ပြောတာပါ...
..............................................................
အဓိက Scale က Major Scale ပါ
Major Scale ရဲ့ interval သတ်မှတ်ချက် (formula) က...
*Whole - Whole - Half - Whole - Whole - Whole - Half
သူ့ကို အောက်က အခေါ်အဝေါ်နဲ့လဲ ခေါ်လေ့ရှိတယ်
Tone - Tone - Semitone - Tone - Tone - Tone - Semitone
Step - Step - Halfstep - Step - Step - Step - Halfstep
အတိုချုပ်ရင် whole = tone = step
half = semitone = halfstep
တခုမှတ်ရင် ရပါပြီ...
................................
C Major ကို ကြည့်ရအောင်...
* C Major Scale က Flat တွေ Sharp တွေ မပါတဲ့တခုတည်းသော Major Scale ပါ
အဲဒါကို whole half formula နဲ့ တွက်ကြည့်ရအောင်
C - Db - D - Eb - E - F - Gb - G - Ab - A - Bb - B - C
Key C က C D E F G A B C...
C ကနေ D ကို ရောက်ဖို့ 2 steps သွားလိုက်တယ်...
အဲဒီတော့ Whole ပေါ့...
D to E လဲ အတူတူပဲ...
E ကနေ F ကိုရောက်ဖို့ 1 step ပဲ သွားရတယ်...
အဲဒီတော့ Half = semitone.
အဲလိုပဲ ဆက်တွက်သွားကြည့်လိုက်ရင် WWHWWWH ဆိုပြီး ရတယ်...
အဲဒါ Major Scale ပဲ...
....................................
ဒါဆို G Major ကို တွက်ကြည့်ရအောင်...
G - G# - A - A# - B - C - C# - D - D# - E - F - F# - G
အဲဒီမှာ major scale formula နဲ့ တွက်ရင်
G A B C D E F# G ဆိုပြီး ရပါမယ်
ဒါကြောင့် KEY G ကို 1 sharp key လို့လဲခေါ်ပါတယ်...
2 sharp key = D
3 sharp key = A
4 sharp key = E
5 sharp key = B
...................................
F Major က နဲနဲ ဆန်းတယ်...အဲဒါကို တွက်ကြည့်ရအောင်
F - Gb - G - Ab - A - Bb - B - C - Db - D - Eb - E - F
F G A Bb C D E F
Flat တခုပဲ ပါလို့ သူ့ကို 1 Flat key လို့ခေါ်တယ်...
................................................................
အခုပုံက Key G ရဲ့ Signature ပါ...
Key G = 1 sharp key
Sharp ဖြစ်တဲ့ note က F
ဒါကြောင့် F မှာ Sharp ပြထားပါတယ်ဒီပုံကတော့ Key F ...
1 flat Key.
အဲဒီ flat တွေ sharp တွေ ပြတဲ့သဘောက
ဒီသီချင်း တပုဒ်လုံးမှာ sharp, flat ပြထားတဲ့ notes တိုင်းကို
sharp, flat အဖြစ် သတ်မှတ်ပေးပါလို့လဲ ဆိုလိုပါတယ်
ဥပမာ...Key G မှာဆို F# ဖြစ်တဲ့အတွက် F note တွေ့တိုင်း # ပြထားတဲ့အတွက် F# အဖြစ် သတ်မှတ်ပါတယ်
အောက်က ပုံကတော့ Major Scale ရဲ့ Key တွေအားလုံးပါ
Musician တွေ Player တွေကတော့ သူ့ Key နဲ့ သူ့ chord တွေ အားလုံးကို အလွတ်ရကြတယ်...
ကာလာဘလိုင်းတော့ ခုထိ စာရွက်မှာ ချရေးနေရတုန်း...
လေ့ကျင့်ခန်းအနေနဲ့ ABCDEFG key အားလုံးကို ချရေးကြည့်ပါ
နောက် key signature တွေ ထည့်ကြည့်ပါ
Posted by Color Blind at 11:18 AM 1 Comment
Labels: Music Theory, ဂီတစာကြည့်တိုက်
Wednesday, July 25, 2007
ပြုံးစရာ
သူငယ်ချင်းတွေက ပြောတယ်
နင့်ဘလော့ဂ်ကလဲ စိတ်ဓါတ်ကျနေတာချည်းပဲတဲ့
တကယ်ကလဲ စိတ်ဓါတ်ကျမှပဲ စာရေးချင်မိတာကိုး
ဒီတခါတော့ ဟာသ တခုလောက်မျှဝေချင်ပါတယ်...
တကယ့်အဖြစ်အပျက်နော်...
မင်္ဂလာလက်ထပ်ပွဲလုပ်ဖို့ တိုင်ပင်နေကြတဲ့ ချစ်သူနှစ်ဦး...
သူတို့ ပြောနေတဲ့အကြောင်းက ဖိတ်စာကိစ္စ...
ကောင်မလေးက မိန်းကလေးပီပီ အလှအပကြိုက်တော့
တသက်တခါ ဆောင်ရမယ့်ဟာ ဖိတ်စာကို လှလှလေး ဖြစ်ချင်တာပေါ့
အဲဒီတော့ ဟိုဟာလဲ မကြိုက်၊ ဒီဟာလဲ စိတ်တိုင်းမကျ ဖြစ်နေတဲ့အခြေအနေ...
ကောင်လေးကလဲ စိတ်သိပ်ရှည်တဲ့ အစားထဲက မဟုတ်တော့
ပြောပါလေရော...
မင်းကလဲ ဖိတ်စာများ photocopy ကူးပြီး ဝေလိုက်အေးရော တဲ့
ကောင်မလေးက တင်းပြီပေါ့
သူ့ကို ဒီလို photocopy ကူးတဲ့ဖိတ်စာနဲ့
ယူလို့ရမယ့် အစားလား ဘာညာတွေ ရစ်ပါလေရော...
ကောင်လေးကလဲ ရိုးရိုးသားသား ပြန်ပြောရှာပါတယ်...
ချစ်လို့ photocopy ကူးတဲ့ ဖိတ်စာနဲ့လို့ ပြောတာပေါ့...
မချစ်ရင် စာကူးစက်နဲ့ လှိမ့်ထုတ်လိုက်မှာပေါ့တဲ့...
ကဲ...
Posted by Color Blind at 9:11 AM 2 comments
Labels: စိတ်ဖြေရာ
Monday, July 23, 2007
International Notes ဖတ်ခြင်း (၃)
Timing
ွှ
Timing ကို clef ရဲ့ အနောက်မှာ Time Signature အနေနဲ့ပြလေ့ရှိတယ်
အခြေခံအားဖြင့် 2/4 Timing, 3/4 Timing, 4/4 Timing ရှိမယ်
x/y မှာ အပေါ်က x က တဘားမှာ ဘယ် beats ဘယ်နှစ်ခု ရှိတယ်ဆိုတာကို ပြပါတယ်
အောက်က y ကတော့ 1 beat ရဲ့ notes တန်ဖိုးကို ပြပါတယ်
အောက်က ပုံကိုကြည့်ပါ
2/4 Timing မှာ အပေါ်က 2 က တဘားမှာ 2 beats ရှိတယ်လို့ ဆိုလိုပါတယ်
အောက်က 4ကတော့ 1 beat ရဲ့ တန်ဖိုးက 1/4 ဆိုတော့
Quarter Note (or) Crotchet လို့ ဆိုလိုပါတယ်
ဒါဆိုရင် 3/4 Timing ဆိုရင် တဘားမှာ 3 beats
notes တန်ဖိုးက 1/4
4/4 Timing ဆိုရင် တဘားမှာ 4 beats
notes တန်ဖိုးက 1/4... အပေါ်ကတွေနဲ့ အတူတူပါပဲ
..............................................................
အဲဒီမှာ 2/4 Timing နဲ့ notes တွေကို တချက်လောက် ကြည့်ပေးပါ...
တန်ဖိုးတွက်ပုံ တွက်နည်းလေး ရေးချကြည့်ချင်လို့ပါ...
|1 + 1|(1/2 + 1/2) + (1/4 +1/4 + 1/4 + 1/4)| =
|1 + 1|1 + 1|
3/4 Timing ပုံမှာ
|1 + 1 + 1|(1/2 + 1/2) + (1/2 + 1/2) + (1/4 + 1/4 + 1/4 + 1/4)| =
|1 + 1 + 1|1 + 1 + 1|
ကျန်တာတွေလဲ အဲဒီပုံစံအတိုင်းပဲ တွက်ပါတယ်
................................................................
အောက်က ပုံမှာ 6/8, 9/8 နဲ့ 12/8 ဆိုပြီး ပြထားပါတယ်
6/8 Timing ဆိုရင် တဘားမှာ 6 beats
9/8 Timing ဆိုရင် တဘားမှာ 9 beats
12/8 Timing ဆိုရင် တဘားမှာ 12 beats
တန်ဖိုးက 1/8 ဆိုတော့ Eight Note (or) Quaver ပေါ့
.........................................................................
အခွင့်သာတုန်းလေး Dotted Notes ကို တခါ ပြန်တွက်ကြည့်ချင်ပါတယ်
6/8 Timing ပုံကိုပဲ ရွေးလိုက်ရအောင်
တဘားမှာ 6 beats
1 beat က 1/8, Eight notes or Quaver:
| (1/4 + 1/8) + (1/4 + 1/8) | (1/8 + 1/8 + 1/8) + (1/8 + 1/8 + 1/8)|
အဲဒီမှာ ပထမ ဘားမှာ ပထမဆုံး note ကိုကြည့်ပါ
crotchet or Quarter note ဆိုတော့ သူ့တန်ဖိုးက 1/4
Dotted ပြထားတဲ့အတွက် သူ့ရဲ့တန်ဖိုးတ၀က်ကို ထည့်ပေါင်းမယ်...
တန်ဖိုးတ၀က်က 1/8
ဒီတော့ (1/4 + 1/8) = 3/8
Notes ဖတ်တာကတော့ သင်္ချာသဘောတရားပါပဲ
သေချာလိုက်တွက်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ
to be continued
Posted by Color Blind at 11:44 AM 2 comments
Labels: Music Theory, ဂီတစာကြည့်တိုက်
ဒိုးလုံး
ဒိုးလုံး ဒိုးလုံး ဒိုးလုံး...
ဒီနေ့အထိ တောင်ကြီးမြို့ရဲ့ ဘယ်ရှိုးမှာမဆို ဘယ်သူပဲဆိုဆို
အခုချိန်အထိ ကြားနေရဆဲ ပရိသတ်တွေရဲ့အသံ...
အားလုံးအားလုံး သူ့ကိုချစ်ခင်မြတ်နိုးစွာနဲ့ မမေ့နိုင်ကြသေးဘူး...
အလွမ်းမပြေနိုင်ကြသေးဘူး...
သူ့သီချင်းတွေကို နားထောင်ရင်း သူနဲ့ အမှတ်တရတချို့ကို ပြန်သတိရမိတယ်...
ပထမဆုံး သူအခွေစထွက်တော့ (၁၉၉၇ ထင်တယ်)
အခွေကာဗာကို ကြည့်ပြီး ဘယ်လိုကြီးပါလိမ့်လို့ တွေးမိတယ်...
မြင်နေကြ ကာဗာတွေလိုမှ မဟုတ်ပဲ...
မိန်းမကြီးတယောက် ခွေခေါက်ပြီး ကနေလိုက်တာ...
အရိုးထိအောင်ရူး ဆိုတဲ့ album title နဲ့တော့ အံကိုက်ပါပဲ...
စစချင်း နားထောင်တော့ စာသားတွေကလဲ အဆန်းတွေ...
လက်မခံနိုင်ဘူး...ဒါပေမယ့်
ထပ်ပြီးနားထောင်ချင်လာအောင်တော့ ဆွဲဆောင်ထားသေးတယ်...
အဲလိုနဲ့ နားထဲ မ၀င့်တ၀င်အချိန်မှာ
ဒီဇင်ဘာ ခရစ်စမတ်ပွဲဆိုပြီး တိုင်းရင်းသားပေါင်းစုံ church မှာ
unplugged show လုပ်တယ်...
၁၀တန်းဆိုတော့ စာတွေကျက်ရတာ မောတယ်
စိတ်ပြေလက်ပျောက်လို့ အကြောင်းပြပြီး သွားကြည့်တာပေါ့
ဆိုတဲ့လူတွေလဲ တော်တော်များပါတယ်...
ဒိုးလုံးကတော့ နောက်ဆုံးပေါ့...
သူလဲတက်လာရော ဟာ...ဆိုပြီး ကြောင်ငေးသွားမိတယ်...
ဘ၀မှာ တခါမှ မမြင်ဖူးတဲ့ live performance ကို မြင်လိုက်ရတာ...
ထိုင်ခုံပေါ်မှာ ထိုင်ပြီး သီချင်းနဲ့အတူ စီးမျောနေတဲ့ပုံများ
သူရယ် သီချင်းရယ် အရာရာအားလုံးရယ် တသားထဲကျနေသလိုပဲ...
အဲဒီအချိန်ကစလို့ သူသီချင်းတွေရဲ့ အဖွဲ့အနွဲ့ အလှည့်အပြောင်း ဖန်တီးမှုတွေအောက်
သူ့အနုပညာကို အရမ်းကို ရူးသွပ်ခဲ့ပါတယ်...
တမြို့ထဲနေတော့ သူနဲ့ မကြာခဏ လမ်းမှာ ခလုတ်တိုက်မိတတ်တယ်...
မှတ်မှတ်ရရ မနက်ခင်း မြူခိုးတွေပိတ်နေပြီး အေးစက်နေတဲ့အချိန်
အိမ်နားက ဘုန်းကြီးကျောင်းလေးရဲ့ တံခါးဝရှေ့မှာ
ဂျာကင်အင်္ကျီထူကြီး နဲ့ လက်နှစ်ဖက်ထဲ လေနွေးနွေးလေးမှုတ်ထုတ်ပြီး
တစုံတရာကို မျှော်နေတဲ့ပုံမျိုးနဲ့ လာလာစောင့်နေတတ်တယ်...
လူငယ်လေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်ပေါ့...
ရန်ကုန်ကိုရောက်တော့ သူနဲ့ လူချင်းတွေ့တယ်ဆိုရုံလေး ဆုံဖြစ်တယ်...
စင်ပေါ်မှာ လူတွေကို ရူးသွပ်လောက်အောင် ဖမ်းစားနိုင်တဲ့ ဒိုးလုံးက
အပြင်လောကမှာတော့ သိပ်ရှက်တတ်တဲ့ လူအေးတယောက်ပါပဲ...
သူ့ရဲ့ တဖက်တည်း ၈ပေါက်လား မသိ
ဖောက်ထားတဲ့ နားပေါက်ကိုလဲ အငေးသားကြည့်မိတယ်...
စာရွက်ဆိုရင် ပြတ်ကျလောက်ပြီ ဆိုတဲ့အတွေးနဲ့ပေါ့...
သူမျှဝေဖူးတဲ့ အတွေးတခု...
သူ့အမေက သူ့ကိုပြောတဲ့စကားလို့ ပြောပါတယ်...
လူ့သက်တမ်းက အနှစ် ၆၀ ဆိုရင်
ဒီလောကကြီးမှာ အသက်ရှင်ခွင့်က ရက်ပေါင်း ၂၁ ၉၀၀ (တနှစ်မှာ ၃၆၅ရက်)
အဲဒီတုန်းက အသက် ၂၀ဆိုတော့ ရက်ပေါင်း ၇၃၀၀ နေခဲ့ပြီးပြီ...
ရက်ပေါင်း ၁၄၆၀၀ ပဲ ကျန်တယ်...
နေခွင့်ရတဲ့ အချိန်ဆိုတာ တိုတိုလေးရယ်...
ကိုယ်တန်တယ်ထင်တာကိုသာလုပ် တဲ့...
သူ့ရဲ့ အဲဒီစကားတခုကြောင့် ဒီနေ့ ဒီအချိန်အထိ
ချစ်တဲ့ဂီတနဲ့ ဆက်အသက်ရှင်ဖြစ်နေတယ်...
ဒါပေမယ့် ဒိုးလုံးရေ...
မင်း အသက် ၂၅နှစ်အထိ လုပ်ခဲ့တဲ့အလုပ်တွေကို
ငါ အသက် ၇၅နှစ်အထိ လုပ်ခွင့်ရရင်တောင် မမှီနိုင်ပါဘူး...
ဒီအတွက်ကြောင့် ဒီနေ့ ဒီအချိန်အထိ
ငါမင်းကို ချစ်ဆဲ...လေးစားဆဲ...မြတ်နိုးဆဲ...ကိုးကွယ်ဆဲ...
Posted by Color Blind at 9:28 AM 2 comments
Labels: ချစ်သော, ကောက်ကြောင်း
Thursday, July 19, 2007
ညနေ
ဘာလိုလိုနဲ့ အိမ်နဲ့ အမေနဲ့ ခွဲနေရတာ ၂ နှစ်နားတောင် နီးလာပြီ
၂ နှစ်ဆိုတဲ့အချိန်က နေရာသစ်တခုမှ အသားကျနိုင်ဖို့ မလုံလောက်သေးဘူးလား
ဒီ ၂ နှစ်လုံးတောက်လျှောက် အမေ့ကို ဖုန်းဆက်ဖြစ်တိုင်း
ပြန်ချင်တယ် အမေရယ် လို့ စိတ်ထဲမှာ တတွတ်တွတ် ပြောနေမိတယ်...
ဘာရယ်မှန်းတော့ မသိဘူး...
ခံစားတတ်စ အရွယ်ကတည်းက ညနေ နေ၀င်ချိန်ဆိုရင်
အမျိုးအမည်မသိတဲ့ ခံစားချက်တခု ၀င်ဝင်လာတယ်...
ညနေတိုင်း ညနေတိုင်း အဲဒီခံစားချက်နဲ့ နေ၀င်ချိန်ကို စောင့်ကြည့်ဖြစ်တယ်...
ဒါပေမယ့် နေရာသစ်ကိုလဲ ရောက်ရော ဘာတွေ ဘယ်လို block ဖြစ်သွားတယ်မသိဘူး...
နေ၀င်လို့ ၀င်မှန်းလဲ သတိမထားမိတော့ဘူး...
၂ နှစ်တာကာလလုံးလုံး ကိုယ့်ညနေတွေ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတယ်...
ဒါပေမယ့် ဒီတလအတွင်းမှာ ထူးထူးခြားခြား ညနေအနံ့ကို ပြန်ရတယ်...
နေညိုညိုအချိန်ရဲ့ လေထုကို ပြန်ခံစားမိလာတယ်...
ကိုယ် ဒီနေရာမှာ အသားကျစပြုလာပြီလားလို့ တွေးမိတယ်...
ဒါပေမယ့် သိစိတ်ကတော့ ဟင့်အင်း...အိမ်ပဲ ပြန်ချင်တယ် တဲ့...
ကြည့်ရတာ နေသားမကျချင်တဲ့ သိစိတ်ကို
နေသားကျလာတဲ့ မသိစိတ်က အနိုင်ရလာတဲ့ သဘောများလား...
ဘာပဲဖြစ်ဖြစ် နေ၀င်ချိန်တွေ ပြန်လည်ရောက်ရှိလာတဲ့အတွက်တော့ ကြိုဆိုရမှာပဲပေါ့...
Posted by Color Blind at 6:15 PM 3 comments
Labels: စိတ်သွားရာ...
Tuesday, July 17, 2007
သူငယ်ချင်း မင်း
အမှားဆိုတာ လူတိုင်းနဲ့ မကင်းတဲ့အရာပါ
အမှားကို သိတဲ့လူ နဲ့ မှားမှန်းကို မသိတဲ့လူ ရှိမယ်...
မှားမှန်းမသိတဲ့လူ နဲ့
မှားမယ်မှန်းသိလျက် ဇွတ်လုပ်တဲ့လူ အကြောင်းတော့ မစဉ်းစားတော့ဘူး...
မှားမှန်းကိုမသိတဲ့လူကတော့ ဘာမှ ပြောစရာမလိုပါဘူး...
မှားမယ်မှန်းသိလျက် ဇွတ်လုပ်တဲ့လူကလဲ
သူစိတ်ကျေနပ်မှုတခုခုရလို့ လုပ်တဲ့ကိစ္စမျိုး ဖြစ်မှာပါ...
ကိုယ်လုပ်တုန်းကတော့ မှန်တယ်ထင်ပြီး လုပ်လိုက်တယ်...
ကြာလာတော့မှ မှားမှန်းသိလာတဲ့လူ ရှိမယ်...
ဒါကိုလဲ ပြုပြင်ချင်စိတ်ရှိလာတဲ့ လူတယောက်အကြောင်း စဉ်းစားကြည့်ချင်လို့ပါ...
သူ ဘယ်လိုပြင်မလဲ...
ပြင်လို့ရတဲ့ အမှားဆိုရင် ခဲဖျက်နဲ့ ဖျက်လိုက်ရုံပဲပေါ့...
ပြင်လို့မရတဲ့အမှားဆိုရင်ရော???
ကိုယ်လွတ်ရုန်းထွက်ပြေးချင်လာရင်...
ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူတွေ ထိခိုက်ခဲ့ပြီလဲ...ဘယ်သူတွေ ထိခိုက်နေဆဲလဲ...
ကိုယ်ထွက်ပြေးသွားရင် သူတို့တွေ ဘာဖြစ်ကုန်မလဲ...
ထိခိုက်သူလဲ မရှိဘူး လှည့်ကြည့်စရာ ဘာမှ မရှိဘူးဆိုရင်တော့
စိတ်ခွန်အားအရင်းတည်ပြီး အသစ်ကနေ ရဲရဲကြီးပြန်စပစ်လိုက်စမ်းပါ...
ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့်ကိုယ်ပြန်ငဲ့ကြည့်ရမယ့်
လူတဦးတယောက် ရှိနေမယ်ဆိုရင်တော့ ဘာမှမလုပ်ခင် သေချာစဉ်းစားပါဦး...
စိတ်နောက်ကိုယ်ပါ လုပ်မယ့် ကိစ္စအတွက် နစ်နာသူ ဘယ်နှစ်ယောက်ရှိမယ်...
သူ့ရဲ့ အကျိုးရလာဒ်က ဘာဖြစ်မလဲဆိုတာ အရင် စဉ်းစားကြည့်သင့်ပါတယ်...
ဒီလို အခြေအနေမှာ ထွက်ပြေးဖို့ ကြိုးစားတာက
တကယ့် ထွက်ပေါက်အစစ် မဖြစ်နိုင်ဘူး...
ကိုယ့်သမိုင်းကိုယ် ရေးနေကြတဲ့ လောကစာအုပ်မှာ
တာဝန်မဲ့သူတယောက် စိတ်စေရာသွားတဲ့ လူသားတယောက် အဖြစ် ရေးခဲ့တော့မှာလား...
ကိုယ့်အမှားကြောင့် အကျိုးဆက်တွေကို ခံစားနေရတဲ့ လူသားတချို့ရှိမယ်ဆိုရင်...
ကိုယ့်အမှားကို ပြင်ချင်တဲ့ စိတ်ကြောင့် အမှားတွေထပ်ကျူးလွန်ရင်း
အဲဒီ အမှားသစ်ရဲ့ အကျိုးဆက်တွေကို ခံစားရမယ့် လူသားတချို့ရှိလာမယ်ဆိုရင်...
ဒါဟာ အမှားကို ပြင်ပုံပြင်နည်းမှားနေလို့ ဖြစ်မယ်...
ပထမအမှားကို မသိနားမလည်လို့ ဆိုပြီး လောကကြီးက ခွင့်လွှတ်လိမ့်မယ်...
အမှားရဲ့ အမှားကိုတော့ ဘယ်သူမှ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်...
သူငယ်ချင်း မင်း သတိထား...
Posted by Color Blind at 8:23 PM 0 comments
Labels: စိတ်သွားရာ...
Sunday, July 15, 2007
International Notes ဖတ်ခြင်း (၂)
Notes တွေ တန်ဖိုး...
Whote Note ရဲ့ တန်ဖိုးက 4 beats ရှိပါတယ်...
သဘောက ဒီသင်္ကေတကို တွေ့ရင် တီးပြီး 4 beats ကြာအောင် ဆွဲထားရပါတယ်...
သူ့ရဲ့ Rest တန်ဖိုး ဆိုရင်လဲ 4 beats ပဲ...
အဲ ဒီ သင်္ကေတကိုတွေ့ရင်လဲ 4 beats ကြာအောင် နားရမယ်...
အကျဉ်းချုပ်ရင်
Note....................Beat.................Classical Term
Whole Note...........4........................semibreve
Half Note..............2........................minim
Quarter Note........ 1........................crotchet
Eight Note...........1/2......................quaver
Sixteen Note... ....1/4.......................semi-quaver
နောက်ထပ် notes တန်ဖိုးလေးတွေ ရှိပါသေးတယ်...
1. Dotted Notes
သူကတော့ dotted အလုပ်ခံရတဲ့ notes ရဲ့ တန်ဖိုး တ၀က်ကို ထည့်ပေါင်းတာ ဖြစ်ပါတယ်...ပထမဆုံး လိုင်းမှာ မှာ Half Note ကို Dotted ပြထားပါတယ်...
အဲဒီတော့ 2 + 1 = 3 beats ဖြစ်သွားပါတယ်...
ဒုတိယ တလိုင်းကတော့ Double Dotted Note ပါ...
2 + 1 + 1/2 = 31/2 beats
တတိယ တလိုင်းက Triple Dotted Note ပါ...
2 + 1 + 1/2 + 1/4 = 3 3/4 beats
2. Triplet
သူက notes ၂ လုံးတန်ဖိုးကို ၃လုံးခွဲတာပါ...
ဥပမာ... အပေါ်က ပထမ bar မှာ 1 beat ၂လုံးစာကို triplet လုပ်တဲ့အတွက်
note ၁လုံးစီရဲ့ တန်ဖိုးက 2/3 စီ ဖြစ်သွားပါတယ်...
ဒုတိယ bar ကို ကြည့်ရင် 1/2 beat ၂လုံးစာကို triplet လုပ်တဲ့အတွက်
၁လုံးစီတန်ဖိုးက 1/3 ဖြစ်သွားပါမယ်...
to be continued...
Posted by Color Blind at 3:28 PM 0 comments
Labels: Music Theory, ဂီတစာကြည့်တိုက်
Friday, July 13, 2007
International Notes ဖတ်ခြင်း (၁)
Staff ဆိုတာကို လိုင်း ၅လိုင်းနဲ့ ဖွဲ့စည်းထားတယ်
အသံကတော့ အခြေခံအားဖြင့် ၇ သံ ရှိပါတယ်
International Notes မှာတော့ ABCDEFG နဲ့ ပြတယ်
သူတို့ကို clef လို့ခေါ်တယ်...သင်္ကေတ တခုပါပဲ...
အဓိက clef အနေနဲ့ ၃မျိုးရှိတယ်...
1. G clef (Treble)
2. C clef (Alto)
3. F clef (Bass)
Clef ကို Staff တွေရဲ့ အစမှာ ရေးပြီး သူ့ရဲ့ Line ပေါ်က Notes ရဲ့
နာမည် နဲ့ အသံကို ဖော်ပြတာ ဖြစ်ပါတယ်...
ဥပမာ...G clef ကို ကြည့်ပါ...
သူ့ရဲ့ symbol လေးစတဲ့ နေရာက G Note ဖြစ်ပါတယ်...
အသံက middle C ရဲ့ အပေါ်မှာ ရှိမယ့် G ပါ...
ပုံမှန်အားဖြင့်တော့ Treble နဲ့ Bass ပဲ အသုံးများပါတယ်...
လိုင်း ၅လိုင်းထက် နိမ့်တဲ့ မြင့်တဲ့ အသံတွေကိုတော့ လိုင်းတိုလေးတွေနဲ့ ပြတယ်
လိုင်းပေါ်က အသံတွေကို မှတ်မိအောင် မှတ်နည်းလေးတွေ ရှိတယ်
Treble ရဲ့ Notes တွေကို မှတ်တာက
Every Good Boy Does Find
Every Good Boy Deserves Funs
(EGBDF)
space မှာ ရှိတာတွေကို မှတ်တာက FACE
Bass ကိုကျတော့
Good Boy Does Find Always
Good Boy Deserves Funs Always
(EGBDF)
All Cow Eat Grass (ACEG)
Treble နဲ့ Bass ကို ပေါင်းလိုက်တော့ Grand Staff ဖြစ်သွားရော
to be continued...
Posted by Color Blind at 3:33 PM 0 comments
Labels: Music Theory, ဂီတစာကြည့်တိုက်
**ဂီတ စာကြည့်တိုက်**
ဂီတကို ဘ၀နဲ့ ထပ်တူကို ချစ်ပါတယ်...
ဒါပေမယ့် ဖန်တီးနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုရင်တောင်
မျှဝေနိုင်သူ တယောက်တော့ ဖြစ်ချင်ပါသေးတယ်...
တနေ့နေ့မှာ ဂီတစာကြည့်တိုက်တခု ဖြစ်အောင် တည်ထောင်ဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်...
အခုထိလဲ မက်နေဆဲပါပဲ...
ဒါကို ဒီ blog လေးမှာ အစမ်းသဘောမျိုးလေး လုပ်ကြည့်ချင်တယ်...
စိတ်ပါဝင်စားတဲ့ ဘယ်သူမဆို ၀င်ရောက်ဝေမျှ ဆွေးနွေး ငြင်းခုန်ပေးကြပါနော်...
ဘယ်လောက်မှတော့ မတတ်ပါဘူး...တတ်သလောက်လေးနဲ့ပဲ စတင်ခွင့်ပြုပါ...
အမှတ်မှားနေတာတွေ ရှိရင်လဲ ၀ိုင်းဝန်းထောက်ပြပေးကြပါဦး...
ကျေးဇူးအထူး...
Posted by Color Blind at 2:40 PM 2 comments
Labels: ဂီတစာကြည့်တိုက်
Thursday, July 12, 2007
တနေ့မှာ
ကံကောင်းထောက်မစွာနဲ့ လူဖြစ်ခွင့်ရလာတဲ့နောက်တော့
ဖြစ်ချင်တာတွေရယ် လုပ်ချင်တာတွေရယ် အများကြီးပေါ့...
ငယ်ငယ်တုန်းကဆို ဖြစ်ချင်တာတွေ များလွန်းလို့ ဘယ်နှစ်ခုရှိပါလိမ့်လို့ စာရင်းလုပ်ကြည့်ယူရတယ်...
အခုလို အရွယ်ရလာတဲ့နောက်တော့ အရောင်မှိန်သွားတာနဲ့ မဖြစ်နိုင်တော့တာတွေနဲ့
အိပ်မက်တော်တော်များများ ပျောက်ကုန်တယ်...
ဒါပေမယ့် ပိုးက မသေဘူးဆိုတော့ အိပ်မက်တွေဆက်ဆက်ပြီး မက်နေတုန်းပဲ...
ဒီတခါလဲ စာရင်းလုပ်ကြည့်လိုက်ဦးမယ်...
၁။ သီချင်းတခွေလောက် ထုတ်ချင်တယ်...
၂။ စတူဒီယိုတလုံး တည်ပြီး mixer ရှေ့မှာ မိန့်မိန့်ကြီးထိုင်ပြီး mixing ဆွဲချင်တယ်...
၃။ ဂီတ စာကြည့်တိုက် လုပ်ချင်တယ်...
၎။ မိဘမဲ့ကလေးကျောင်းလေး တခုလောက် တနိုင်တပိုင် လုပ်ချင်တယ်...
၅။ အမေ သွားနိုင်လာနိုင်တုန်း ကားအသစ်လေး တစီး ၀ယ်ပေးချင်တယ်...
၆။ အင်ဂျင်နီယာကောင်းတယောက် ဖြစ်ချင်တယ်...
အခုချိန်မှာတော့ ဖြစ်ချင်တာတော်တော်များများနဲ့ အလှမ်းဝေးနေတုန်းပဲ...
မသေခင်မှာ ဘယ်နှစ်ခုဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်...
Posted by Color Blind at 12:58 AM 0 comments
Labels: စိတ်သွားရာ...
Wednesday, July 11, 2007
အချစ်ရဲ့ အဓိပ္ပါယ် = မသိ
အချစ်…
အချစ်ဆိုတာ ဘာလဲ…
အေးချမ်းမှုလား…ပူလောင်မှုလား…
ပေးဆပ်ခြင်းလား…ရယူခြင်းလား…
လက်တွေ့လား…အိပ်မက်လား…
ယုံကြည်မှုလား…သံသယလား…
သူမရှိလို့ မဖြစ်ဘူးဆိုတာ…ကိုယ့်အတွက် မဖြစ်တာလား…သူ့အတွက် မဖြစ်တာလား…
ကိုယ့်အတွက် ဆိုရင် ကိုယ့်ကိုယ်ကို ချစ်တာလား…သူ့ကိုချစ်တာလား…
သူ့ကို လွမ်းတယ်ဆိုတာ…ကိုယ်ကမမြင်ရလို့ သူ့အနားမရှိနိုင်လို့ လွမ်းတာလား…
သူ့ကို လိုအပ်တယ်ဆိုတာ…ကိုယ့်အတွက်လား…သူ့အတွက်လား…
ဒါဆိုရင် သူ့ကို ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ချစ်တာလား…သူ့ကို ချစ်တာလား…
Posted by Color Blind at 7:12 PM 0 comments
Labels: စိတ်သွားရာ...
ငါ၏ လွဲမှားမှုများ
သာမန်အားဖြင့် သုညကနေ စတွက်တတ်ကြတဲ့ လောကနိယာမမှာ
ကိုယ်က အနုတ်အင်္သချေကနေ စတွက်မိတဲ့ အခါ...
ငွေကြေးစည်းစိမ်တွေနောက် တသက်လုံးလိုက်နေတဲ့ အသိုင်းအ၀ိုင်းကြားမှာ
လွတ်လပ်မှု အငွေ့ အသက်ကို နမ်းရှိုက်ချင်တဲ့အခါ...
ပညာတတ်မှ လူ့အောက်မကျဘူးဆိုတဲ့
ခေါင်းထဲရိုက်သွင်းခဲ့တဲ့ အတွေးနဲ့ တဘ၀လုံး အသက်ရှင်လာခဲ့ရချိန်မှာ
ပိုက်ဆံရှိရင် ပညာတတ်တွေကို လက်ညှိးထိုး ခိုင်းစားမယ်ဆိုတဲ့
ခပ်ညံ့ညံ့ သူဋ္ဌေးလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ...
နေ့လားညလားမသိအောင် လင်းထိန်နေတဲ့ နီယွန်လမ်းမကြီးတွေအောက် အသက်မဲ့လမ်းလျှောက်ရင်း
တောင်နံရံတွေကြား နေလုံးကြီး ၀င်သွားတာကို စောင့်ကြည့်ခွင့်ရခဲ့တဲ့ ဘ၀ကို ပြန်တမ်းတမိတဲ့ အခါ...
မွန်းကြပ်လှောင်ပိတ် တိတ်ဆိတ်တဲ့ညဟာ
အတိတ်က ချစ်ခဲ့ စွဲလမ်းခဲ့တဲ့ အေးချမ်းငြိမ်သက် တိတ်ဆိတ်တဲ့ညနဲ့ မတူတော့တာကို သိလိုက်ရတဲ့အခါ...
အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ် ဆိုတဲ့ ရင်ထဲ ပဲ့တင်ထပ်နေတဲ့ စကားလုံးပေါင်းများစွာ
လည်ချောင်းထဲမှာပဲ အတင်းမြိုချ ပျောက်ရှသွားရတဲ့ အခါ...
တန်ဖိုးထားလွန်းလို့ ခေါင်းရင်းမှာကို ထားအိပ်တတ်တဲ့ အရာတစ်ခုကို
အခြားတစ်ယောက်က ခြေသုတ်ဖုံ လုပ်ထားတဲ့အခါ...
အိပ်မက်ထဲ ထည့်မက်ရလောက်အောင် ကိုယ်ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့အရာကို
အခြားတစ်ယောက်က စကားလေးတစ်ခွန်းထဲနဲ့ ဖျက်ဆီးလိုက်တဲ့အခါ...
အခြားတစ်ယောက်အတွက် ခြေထောက်ပေါ် လာစင်တဲ့ ရွှံစက်လေးပါ...
ကိုယ့်အတွက်ကတော့ တောင်ကြီးတစ်တောင်လုံး ပြိုကျသွားတာပါ...
Posted by Color Blind at 7:10 PM 0 comments
Labels: စိတ်သွားရာ...
ဘာများတတ်နိုင်ဦးမလဲ
အိပ်မက်တွေ အရောင်တောက်မလာတဲ့ အခါ...
စိတ်ကူးမျှော်လင့်ချက်တွေ အရည်ပျော်သွားတဲ့ အခါ...
အဖေ နဲ့ အမေ ရဲ့ အရောင်လွင့်နေတဲ့ မျက်လုံးတွေ မြင်ယောင်လာမိတဲ့ အခါ...
တယောက်ထဲ ဆောက်တည်ရာမဲ့ အားငယ်နေမိတဲ့ အခါ...
တလောကလုံး ငြိမ်သက်နေချိန် စိတ်တွေ နားခိုရာမဲ့တဲ့ အခါ...
ရောင့်ရဲခြင်း ကို မတည်ဆောက်နိုင်တဲ့ အခါ...
ကိုယ့်သိမ်ငယ်စိတ်ကို တစ်စုံတစ်ယောက်က ရိပ်မိသွားတဲ့ အခါ...
နာကျင်မှုတွေကို သာယာလာတဲ့ အခါ...
ဆုံးရှူံးမှုတွေကို အောင်မြင်မှုရဲ့ တပိုင်းတစလို့ ခံစားလာရတဲ့ အခါ...
အချစ်ကို ခါးသီးမှုလို့ ခံစားလာရတဲ့ အခါ...
အမုန်းတွေကို စိတ်ဖြေသိမ့်စရာလို့ ထင်လာတဲ့ အခါ....
ကိုယ့်ကို ချစ်သူက နားမလည်တဲ့အခါ...
ချစ်သူကို ကိုယ်က နားမလည်နိုင်တော့တဲ့ အခါ...
သံစဉ်တပိုင်းတစလေးကိုတောင် ညည်းညူဖို့ စဉ်းစားလို့ မရတဲ့ အခါ...
ဆူညံပေါက်ကွဲတဲ့ သီချင်းတစ်ပုဒ်ကို ဆာလောင်နေချိန်မှာ နားထောင်ခွင့် မရတဲ့ အခါ...
နားထဲ မရောက်တဲ့ သီချင်းတစ်ပုဒ်ကို အဖော်သက်သက်အဖြစ် လွင့်မျောခွင့် ပြုထားရတဲ့ အခါ...
နံရံကို တံခါးတစ်ချပ်လို့ မြင်ယောင်မိတဲ့ အခါ...
ကိုယ့်စိတ်ရဲ့ ချဉ်ခြင်းတပ်မှုကို ကိုယ်ကိုယ်တိုင် နားလည်ခံစားလို့ မရနိုင်တော့တဲ့ အခါ...
ပြင်မရတဲ့ နောင်တတွေ အထပ်ထပ် တိုက်စားလာတဲ့ အခါ...
သိပ်ချစ်တဲ့ သူတွေ မုန်းသွားတဲ့ အခါ...
သိပ်မုန်းတဲ့ လူတွေကို သည်းခံပြီး ဆက်ဆံနေရတဲ့ အခါ...
နှုတ်ခမ်းဖျားက ဖွင့်ဟခွင့်မရတဲ့ စကားလုံးတွေ မြိုချလိုက်ရတဲ့ အခါ...
ကိုယ့်ဦးနှောက်လားရာကို ကိုယ့်စိတ်ဆန္ဒက လက်မခံတဲ့ အခါ...
အိပ်မက်တစ်ခု မဆုံးခင် နောက်အိပ်မက် အသစ်ကို မက်မိတဲ့ အခါမျိုးမှာ...
အခါလွန် မျှော်လင့်ချက်တစ်ချို့ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေမိတဲ့ အခါ...
နောင်တမရှိသူလို ခံစားချက်တစ်စုံတစ်ရာ မရှိသူလို ဟန်ဆောင်ပြုံးပြရင်း
ငါပိုင်ဆိုင်သော အခန်းမှောင်မှောင်လေးထဲ တိတ်တဆိတ် ကြေကွဲနေရုံက လွဲလို့...
ငါ ဘာများတတ်နိုင်ဦးမလဲ...
Posted by Color Blind at 6:26 PM 0 comments
Labels: စိတ်သွားရာ...
အဆုံးအတွက် အစ
ဒီရက်ပိုင်းတွေမှာ ခေါင်းလာလာစားနေတာ တစ်ခုရှိတယ်...
တစ်နေ့ကျရင် အားလုံးအဆုံးသတ်ရမှာ သိရက်နဲ့ ဘာလို့ အစပြုနေကြသလဲ...
မပြီးဆုံးနိုင်တဲ့ မျှော်လင့်ချက်တွေ လိုအပ်မှုတွေ ဘာလို့ အလိုလိုပေါ်လာနေရသလဲ...
ဥပမာ...
ရန်ကုန်ကို ရောက်တော့ အဆောင်မှာနေရတယ်...
ကျောတစ်ခင်းစာလေးနဲ့ ပြတင်းပေါက်လဲ မရှိဘူး...လေကောင်းလေသန့်လဲ မရဘူး...
အဲဒီအချိန်မှာ အလိုချင်ဆုံးက အဆောင်က ပြတင်းပေါက်ပါတဲ့ အခန်းတစ်ခုခုကို ရွေှ့ရဖို့ပဲ...
၎လ၊ ၅လလောက်ကြာတော့ ပြတင်းပေါက်ပါတဲ့ အခန်းလဲရရော...ပျော်တာပေါ့...
ဒါပေမယ့် တစ်ပတ်လောက်ပဲ ကြာပါတယ်...
အဆောင်မှူးအဆူခံရပါလေရော... မကြီးမငယ်နဲ့ အဆောင်ပေါ်ကနေ မီးရှူးမီးပန်းတွေ လွှတ်ချလို့တဲ့...
အဲဒီတော့ အဆောင်မှာ နေတာ မလွတ်လပ်လိုက်တာ...
ကိုယ့်တိုက်ခန်းလေးကိုယ် ငှားနေချင်လိုက်တာ ဖြစ်ပြန်ရော...
ကံကောင်းချင်တော့ သူငယ်ချင်းတွေ စုမိပြီး အတူတူ တိုက်ခန်းငှားနေဖို့ ဖြစ်လာတယ်...
အဲဒါနဲ့ ရရာတိုက်ခန်း အမြန်ငှားလိုက်တယ်...
အဆောင်မှာ တစက္ကန့်မှ မနေချင်တော့ဘူး မဟုတ်လား...
အဲဒီတိုက်ခန်းမှာ နေနေရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ဘတ်စ်ကားမှတ်တိုင်နဲ့ ဝေးတယ်...
လေ၀င်လေထွက်မကောင်းဘူး ဖြစ်လာတော့ ပြောင်းချင်ပြန်ပြီ နောက်တစ်ခါ...
ပြောင်းလဲ ပြောင်းဖြစ်သွားပါတယ်...ဒီတစ်ခါတော့ ဈေးလဲနီးတယ်...ဘတ်စ်ကားမှတ်တိုင်လဲ နီးတယ်...
ဘေးပတ်ဝန်းကျင်မှာလဲ ကိုယ့်တိုက်ခန်းက အမြင့်ဆုံးဆိုတော့ လေကလဲ တိုက်မှတိုက်...
ကဲ ဘာလိုသေးလဲ...
ဈေးနားနီးတော့ ညနေ ညနေဆို အမှိုက်ပုံ အကြီးကြီးကနေ နံလာတယ်...
TVလဲ ကြည့်ချင်တယ် ပျင်းလို့တဲ့...
အဲဒီတော့မှ ကိုယ့်ကိုယ်ကို ပြန်မြင်လာတယ်...
ငါဟာ အဆောင်အစုတ်လေးကနေ ဒီတိုက်ခန်းရောက်တဲ့အထိ နေဖို့တစ်နေရာလေးအတွက် စိတ်မောလူမောဖြစ်လိုက်ရတာ...
အဆင်ပြေပြီဆိုတော့လဲ မကျေနပ်သေးပါလားလို့...
လိုချင်တပ်မက်မှုတွေ အဆုံးရောသတ်နိုင်ပါ့မလားလို့ တွေးပြီးကြောက်ကြောက်လာမိတယ်...
အခုဆိုလဲ အိမ်ထောင်ပြုဖို့ စဉ်းစားလာရပြီ...
ဘာလို့အိမ်ထောင်ပြုရမှာလဲ...အမေကပြောတယ်...အေးအတူ ပူအမျှ ဆေးပေးမီးယူ ဘာဘာညာညာပေါ့...
အိုကေ... ဒါပဲလားဆိုတော့...
အိမ်ထောင်ပြုပြီး ကလေး ယူကိုယူမှ ဖြစ်မယ်တဲ့...
ဘာလို့လဲဆိုတော့ ကလေးရှိမှ ဒီအိမ်ထောင်တည်မြဲမယ်...
အသက်ကြီးလာရင် ကိုယ့်ကိုပြန်ကြည့်မယ့်သူ ရှိမယ်တဲ့...
အိမ်ထောင်တည်မြဲဖို့ ကလေးယူတာ သဘာဝကျရဲ့လား...
လူနှစ်ယောက်ပေါင်းကြတဲ့နောက် တနေ့နေ့မှာ ရှင်ကွဲမကွဲလဲ သေကွဲကွဲကြရမှာပဲ မဟုတ်လား...
တည်မြဲတယ်ဆိုတာလဲ အခိုက်အတန့်ကာလ တစ်ခုပါ...
နည်းနည်းတော့ လွဲနေပြီ ထင်တာပဲ...
သံယောဇဉ်အကြီးကြီးတွေ ကိုယ်ကိုယ်တိုင်ရှာပြီး
နောင်တချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ခဲရာခဲဆစ် ပြန်ဖြတ်ရမယ့် အတူတူ
အစကတည်းက သံယောဇဉ်တွေ နည်းနိုင်သမျှ နည်းအောင် နေတာ ပိုမကောင်းဘူးလား...
အဲဒါ...အဲဒါတွေ...
Posted by Color Blind at 6:16 PM 0 comments
Labels: စိတ်သွားရာ...
Tuesday, July 10, 2007
ဗလာ
ငါလိုချင်တာ တိမ်တိုက်တခု မဟုတ်ခဲ့ပါဘူး...
ကြယ်စင်တစင်းလဲ မဟုတ်ခဲ့ပါဘူး...
ဖမ်းဆုပ်လို့မရတဲ့ အတ္တတွေလဲ မကြီးလွန်းခဲ့ပါဘူး...
လက်ချည်းသက်သက် သွားရမယ့် ခရီးမှာ လိုချင်တပ်မက်မှု လောဘတွေလဲ မထားခဲ့ပါဘူး...
ငါချစ်တဲ့ ဂစ်တာတလက်နဲ့ လမ်းတူတူလျှောက်နေရရင် ရောင့်ရဲကျေနပ်နေတတ်သူပါ...
မျက်နှာမှာ အပြုံးတုတခု ကောက်တပ်ထားပေမယ့်
ရင်ဘတ်ထဲက နာကျင်နေတာက ထိန်းလို့မရဘူး...
ဘယ်လိုအကြောင်းမျိုးတွေကြောင့် ဒီနေ့ ဒီအချိန် ဒီနေရာကို ရောက်ရှိနေသလဲ...
ငါ့လက်ထဲက အချိန်တွေကို ဘယ်သူက မောင်းနှင်နေသလဲ...
မေးခွန်းပေါင်းများစွာ ငါ့ရဲ့ စိတ်တံခါးဝက ပြေးဝင်လာ....
အနီရောင် တံလျှပ်တခု ဖြတ်စီးသွားချိန်မှာ ဗလာဖြစ်နေတဲ့ ဦးနှောက်က အမှတ်တမဲ့ ထဆူပွက်တယ်...
အိမ်ကိုလွမ်းလိုက်တာတဲ့...
Posted by Color Blind at 11:22 PM 0 comments
Labels: စိတ်သွားရာ...