အရင်လို ဖြူစင်ရိုးသားတဲ့ အပြုံးသန့်သန့်လေးတွေ ပိုင်ဆိုင်တဲ့
လူငယ်လေးတယောက် မဟုတ်တော့ဘူး...
နေညိုချိန်တွေမှာ အဝေးက တောင်ပြာတန်းတွေကို
တရှိုက်မက်မက် မျှော်ငေးခွင့်ရတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ရည်မှန်းချက်တွေ တလှေကြီးနဲ့ အိပ်မက်ကျောပိုးအိတ်ကို လွယ်ပြီး
ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
ငါပိုင်ဆိုင်တဲ့ လက်နှစ်ဖက်နဲ့ အရာရာကို ထုဆစ်နိုင်မယ်လို့
ယုံကြည်ခဲ့တဲ့ လူငယ်လေးတယောက် မဟုတ်တော့ဘူး...
အချိန်ဆိုတဲ့ ရေစီးကြောင်းထဲ မသိလိုက်မသိဘာသာ စီးမျောနေရင်း
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ...
မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့ လူသားတယောက်...
ရှေ့ဆက် ပျံသန်းဖို့ အတောင်ပံတစ်စုံ အားလျော့လာတဲ့ လူသားတယောက်...
ရင့်ကျက်ခြင်းကို ပိုင်ဆိုင်ဖို့ ခါးသက်တဲ့ ခံစားချက်မျိုးစုံကို
မျက်နှာချင်းဆိုင်ရမယ်ဆိုတာ နားလည်စပြုလာတဲ့ လူသားတယောက်...
တခါလဲကျရင် တခါပြန်ထူမနိုင်ဖို့ သွေးပျက်စပြုလာတဲ့လူသားတယောက်...
နာကျင်ခြင်းတွေရဲ့ အဆုံးစွန်မှာ
အသက်ရှူနေလို့သာ လူနဲ့တူတော့တဲ့ စက်ရုပ်တကောင်...
ဒီလို အသွင်ပြောင်း စက်ရုပ်တကောင်မှာ နောက်ဆုံးကျန်ရစ်တာက...
အမေ့ကို ချစ်တဲ့စိတ်ရယ်...
အဝေးတနေရာက မှိုင်းညို့ညို့ မြို့ငယ်လေးကို လွမ်းတဲ့စိတ်ရယ်...
ဒီခံစားချက် တစုံတရာကြောင့် ငါ့ကိုယ်ငါ လူသားတယောက်ရယ်လို့ အားတင်းသတ်မှတ်မိနေသေးတယ်...
Wednesday, August 29, 2007
ငါ = လူသား
Posted by Color Blind at 2:50 PM 0 comments
Labels: စိတ်သွားရာ...
ဆန့်ကျင်ဘက်က အတွေး
ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအာဟာရ (Chicken soup) ကြောင့်
နှစ်ပေါင်းများစွာ အကျဉ်းကျနေတဲ့ စိတ်တွေ လွတ်မြောက်ခွင့်ရခဲ့ဖူးတယ်
...................................
ငယ်ငယ်က မောင်နှမတွေထဲမှာ အကြီးဆုံး ဖြစ်ရတာကို တော်တော် စိတ်ပျက်ခဲ့တယ်
စာနဲ့ ပတ်သက်လို့ဖြစ်ဖြစ် တခြား အသိပညာတွေ ဖြစ်ဖြစ်
အရာအားလုံးကို ကိုယ့်ဟာကိုယ် စမ်းတ၀ါးဝါးသွားရတယ်...
အဲဒီတော့ ရွယ်တူတွေထဲမှာ ကိုယ်က ဘာမဆို နောက်ကျနေလေ့ရှိတယ်...
ဥပမာ...ဖတ်စာအုပ်ဆို ကျောင်းဖွင့်တာတောင် မရသေးဘူး
(အဲဒီအချိန်တုန်းက ဖတ်စာအုပ်က ကျောင်းက ထုတ်ပေးမှရတာ)
သူငယ်ချင်းတွေက အကိုအမတွေရဲ့ ဖတ်စာအုပ်တွေနဲ့ အဆင်ပြေနေချိန်မှာ
ကိုယ်က ဗလာစာအုပ်လေး ကိုင်ပြီး ဖတ်စာအုပ်ကိုမျှော်လိုက်ရတာ...
နောက်ပြီး အကြီးပဲ အလျှော့ပေးလိုက်ဆိုတဲ့ စကားကိုလဲ မကြိုက်ဘူးလေ...
အငယ်ဖြစ်ချင်လိုက်တာ လို့ မကျေနပ်စိတ်နဲ့ မဖြစ်နိုင်တာကို တောင့်တမိတယ်...
အဲဒီလိုနဲ့ တယောက်ထဲ ပဋိပက္ခဖြစ်နေတုန်း ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ နဲ့ တွေ့တယ်
စာအုပ်ထဲက အဖြစ်အပျက်လေးက...
လူငယ်လေးတယောက်ကို သူ့ရဲ့အစ်ကိုက ကားသစ်တစ်စီး ၀ယ်ပေးပါတယ်
လူငယ်လေးကလဲ အရမ်းဝမ်းသာဂုဏ်ယူနေတာပေါ့...
အဲဒီမှာ သူက သူ့အသိ ကောင်ငယ်လေး တယောက်ဆီကို
ကားသစ်လေး ကြွားဖို့ သွားတော့ ကောင်ငယ်လေးက အိမ်ရှေ့လှေကားထစ်မှာ ထိုင်နေတယ်...
(အဲဒီကောင်လေးက ခြေတဖက်မသန်ဘူး)
သူက ကောင်လေးဆီကို လျှောက်သွားရင်း
"ဟေ့ကောင် ဒါ ငါ့အစ်ကို ငါ့ကို ၀ယ်ပေးတဲ့ကားကွ" လို့ ကြွားပြောလေး ပြောတယ်...
အဲဒီအချိန်မှာ ကောင်လေးရဲ့ မျက်လုံးတွေ အရောင်တလက်လက်တောက်ပလာတာကို
လူငယ်လေးက သတိထားမိတော့
"ဘာလဲကွ မင်းအားကျနေပြီလား
မင်းအစ်ကို ကို မင်းအတွက် ကားဝယ်ပေးဖို့ ပူဆာတော့ မလို့လား" လို့ မေးလိုက်တယ်
ကောင်လေးက ပြန်ဖြေတယ်
"မဟုတ်ဘူးဗျ တနေ့နေ့ကျရင် ကျွန်တော့် ညီလေးကို
ဒီလိုကားမျိုးဝယ်ပေးနိုင်တဲ့ အစ်ကို ဖြစ်ချင်တာ" တဲ့...
မှတ်မှတ်ရရ နောက်ဆုံးစာကြောင်းလေး ဖတ်ပြီးတဲ့အချိန်မှာ
ကိုယ့်ဖြစ်နေတဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ပြီး ရှက်လိုက်တာ...
ဘာဖြစ်လို့များ သူတွေးတဲ့ဘက်က တခါမှ မတွေးကြည့်မိတာပါလိမ့်လို့...
ဒါနဲ့ပဲ အဲဒီအချိန်ကစပြီး အကြီးဆုံး ဖြစ်ရခြင်းကို ကျေနပ်တဲ့သူ
ပေးဆပ်ရခြင်းကို ပျော်မွေ့တတ်လာတဲ့သူ ဖြစ်လာပါတယ်...
ရယူခြင်းကြောင့် ဖြစ်တဲ့ ဂုဏ်ယူစိတ် နဲ့
ပေးဆပ်ခြင်းကြောင့် ဖြစ်တဲ့ ပီတိ ကို ခွဲခြားတတ်လာခဲ့တယ်...
ဆရာဖေမြင့်ရေ...ကျေးဇူးပါ...
Posted by Color Blind at 11:46 AM 0 comments
Labels: စိတ်အစာ
Tuesday, August 21, 2007
ကိုမြင့်မိုးအောင်
ကျောင်းတွေ တက်နေရင်းနဲ့ ကိုယ့်ဘ၀လမ်းကို
ကိုယ်ကိုယ်တိုင် သံသယဖြစ်လာခဲ့တဲ့ အချိန်...
ဘယ်ကိုသွားမှာလဲ ဘာကိုလုပ်ရမှာလဲ
လုပ်ချင်တာကို လုပ်ရမှာလား လုပ်သင့်တာကို လုပ်ရမှာလား ဆိုတဲ့
အတွေးစတွေနဲ့ အကြီးအကျယ် နပန်းလုံးနေခဲ့ရတဲ့အချိန်...
လုပ်ချင်တာကို လုပ်ဖို့ အရည်အချင်း မပြည့်ဘူး
လုပ်သင့်တာကို လုပ်ဖို့ လုံလောက်တဲ့ စိတ်ဓါတ်အင်အားမရှိဘူး ဆိုပြီး
သိမ်ငယ်စိတ်တွေ အားငယ်စိတ်တွေနဲ့ လမ်းပျောက်နေတဲ့အချိန်...
အဲဒီလို အချိန်ကာလတခုမှာ ကိုမြင့်မိုးအောင်ရဲ့ အင်တာဗျူးတခုကို
အမှတ်မထင် ကံကောင်းထောက်မစွာနဲ့ ဖတ်လိုက်ရတယ်...
(မှတ်မိသလို ပြန်ရေးတာပါ)
သူဟာ အရာရာကို ငြီးငွေ့လွယ်သူပါ
မူးယစ်ဆေးဝါးကအစ ကိစ္စတော်တော်များများကို
ငြီးငွေ့တဲ့ ရှုထောင့်ကနေ ကြည့်တတ်ခဲ့ပါတယ်
အခုအချိန်ထိ မငြီးငွေ့နိုင်လောက်အောင်
သူ့ကို ဆွဲဆောင်ထားတဲ့ အရာနှစ်ခုက
ဂီတ နဲ့ ဘာသာတရား ပါ တဲ့...
ဒီဘ၀မှာရော နောင်ဖြစ်လေရာ ဘ၀မှာပါ
ဒီလမ်း ၂ခုကို ရောက်နိုင်သမျှ ဆက်လျှောက်သွားချင်သူပါ တဲ့...
ဒီစကားစုကို ဖတ်ပြီးအကြာကြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်...
ငါဟာ ဘာတွေကို ငြီးငွေ့ခဲ့ပြီလဲ...ဘာတွေက အသစ်ဖြစ်နေဆဲလဲ...
နောက်ဘ၀အထိအောင် ငါလုပ်ချင်နေမယ့် အရာက ဘာလဲ...
အဖြေရချင်တော့လဲ ဦးနှောက်ထဲ မီးသီးလင်းသွားသလို ဖြတ်ကနဲပဲ...
အိပ်မက်တွေကို ဇကာစစ်လိုက်တော့ ကျန်ရစ်တာ ဂီတ...
သူ့ရဲ့ စကားတခွန်းနဲ့ တသက်စာ ခွန်အားတွေ ဘ၀နေနည်းတွေ ရရှိခဲ့တယ်...
ကိုယ်ကိုယ်တိုင် ယုံကြည်ကျေနပ်တဲ့ အဖြေကို ရပြီးတဲ့နောက်
လွတ်လပ်တဲ့စိတ်နဲ့ အသက်ရှင်လို့ ရလာတယ်...
သူဟာ သီချင်းရေးဆရာ တယောက် ဖြစ်ပါတယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ ဆရာတဆူ ကျေးဇူးရှင်တယောက် အနေနဲ့ တည်ရှိပါတယ်...
Posted by Color Blind at 12:31 AM 0 comments
Labels: စိတ်အစာ, ကောက်ကြောင်း
Tuesday, August 14, 2007
ကိုယ့်အလှည့်
ငယ်ငယ်တုန်းက တစုံတယောက် အမှားလုပ်မိရင် ဖြစ်ဖြစ်
တစုံတယောက်ကို အနိုင်ကျင့်မိတဲ့အခါဖြစ်ဖြစ်
အဖေအမြဲပြောတဲ့စကားတခွန်းရှိတယ်...
ကိုယ်နိုင်တယ်ဆိုတိုင်း ဇွတ်မနိုင်နဲ့ ကိုယ်ရှုံးဖို့အလှည့် ချန်ထားဦးနော် တဲ့
တချိန်မှာ ကိုယ်လဲ သူ့လိုမကြုံဘူးလို့ မပြောနိုင်ဘူး
ကိုယ်လဲ သူ့လို မမှားဘူးလို့ မပြောနိုင်ဘူး
လောကဆိုတာ ပုံသေတွက်ထားလို့ ရတဲ့ အရာတခုမဟုတ်ဘူး
ပြန်တွေးမိလေ ပြန်ဆင်ခြင်မိလေ
ဒီအသိကို ရင်ထဲအမြဲစွဲနေအောင်
သတိပေးခဲ့တဲ့ အဖေ့ကို ကျေးဇူးတင်မိတယ်
Posted by Color Blind at 3:20 PM 0 comments
Labels: စိတ်အစာ
Monday, August 13, 2007
The Circle of Fifth
ဒီတခါ 1 sharp key, 2 sharp key, 1 flat key တွေကို
အလွယ်မှတ်တဲ့နည်းကို ကြည့်ရအောင်
Major key 15 ခု ရှိတယ်
သူတို့ကို 7b, 7# နဲ့ ဖြန့်ရေးကြည့်လိုက်တော့
7b 6b 5b 4b 3b 2b 1b 0 1# 2# 3# 4# 5# 6# 7#
Cb Gb Db Ab Eb Bb F C G D A E B F# C#
အဲဒါကို အလွယ်မှတ်တဲ့ diagram ကို The Circle of Fifth လို့ခေါ်တယ်
ဘာဖြစ်လို့ဆို C major scale မှာ C ကနေ G ကို သွားဖို့
5 steps (5 intervals) သွားရပါတယ် ( C D E F G A B C)
တနည်းအားဖြင့် C major ရဲ့ fifth note ဟာ G
G က 1 sharp key ဖြစ်ပါတယ်
နောက်တခု D ဟာ G major scale ရဲ့ fifth note, 2 sharp key
A က D major scale ရဲ့ fifth note, 3 sharp key
ကျန်တာတွေလဲ အဲလိုပါပဲ...
sharp key, flat key တွေကို အလွယ်မှတ်ကြည့်ရအောင်
ပထမဆုံး C ကိုမှတ်ပါတယ်...
C က sharpတွေ flatတွေ မပါတဲ့ တခုတည်းသော major scale ပါ
F က 1 flat key. " Flat has 1 F, F has 1 flat" လို့ မှတ်ကြတယ်
ကျန်တဲ့ G,D,A,E နဲ့ B ကိုတော့ အရမ်းလွယ်ပြီး
ပျော်စရာအရမ်းကောင်းတဲ့ မှတ်နည်း နဲ့ မှတ်မယ်...
အောက်က ပုံကို ကြည့်ပါ...
G ဆိုတာဖြစ်ဖို့ မျဉ်းတကြောင်းထဲနဲ့ ရေးလို့ရတဲ့အတွက် 1 sharp key ပါ...
ကျန်တဲ့ D,A,E နဲ့ B ကိုလဲ ရေးကြည့်ပါဦး...
D ကိုရဖို့ မျဉ်း 2 ကြောင်း...D = 2 sharp key
A ကိုရဖို့ မျဉ်း 3 ကြောင်း...A = 3 sharp key
E ကိုရဖို့ မျဉ်း 4 ကြောင်း...E = 4 sharp key
B ကိုကျတော့ မျဉ်းနဲ့ မှတ်လို့ မရတော့ဘူး...
B ပုံမှာ 5 ကို ထပ်ရေးလို့ ရတယ်...
ပုံကိုသေချာကြည့်ရင်ပဲ sharp key တွေက မေ့စရာ မရှိတော့ပါဘူး...
ဒီတခါ Flat တွေကို မှတ်ရအောင်...
အပေါ်မှာ sharp တွေကို သေချာမှတ်မိပြီထားပါတော့...
သူတို့ကို The Rule of Seven နဲ့မှတ်မယ်
Flat + Sharp = 7
Flat နဲ့ Sharp ပေါင်းမှာ ဒိုရေမီဖာဆိုလာတီ 7 သံ ပြည့်မယ်လို့ မှတ်မယ်
G ကိုကြည့်ရအောင်...
G က 1 sharp key...
Gb + G = 7
6 + 1 = 7
ကဲ...အပေါ်က ဖော်မြူလာအရ Gb က 6b key ဖြစ်ပါတယ်...
Db + D = 7
5 + 2 = 7
Db = 5b key
Ab = 4b key
Eb = 3b key
Bb = 2b key
Cb, C#, F# ဆိုတဲ့ နောက်ဆုံး key 3 ခုပဲ ကျန်တော့တယ်
The Rule of Seven ကိုပဲ ဆက်သုံးလို့ရပါတယ်
Cb + C = 7
7 + 0 = 7
Cb = 7b key
C# + C = 7
7 + 0 = 7
C# = 7# key
F# + F = 7
6 + 1 = 7
F# = 6# key
Mirror ဖြစ်နေတဲ့ Scale 4စုံရှိတယ်...
သူတို့ကို အစုံလိုက်မှတ်ရင် ပိုမှတ်မိလွယ်တာပေါ့...
D & Db, E & Eb, A &Ab, B & Bb တို့ပါ
အောက်ကပုံကိုကြည့်ပါ...D major scale ကို ကြည့်ရင် D E F# G A B C# D
Db major က Db Eb F Gb Ab Bb C Db ပါ...
D ရဲ့ sharpတွေနဲ့ Db ရဲ့ flat တွေ mirror ဖြစ်နေတာကို တွေ့ရပါမယ်...
အဲလိုပဲ E, A နဲ့ B လဲ mirror ဖြစ်နေပါတယ်...
Posted by Color Blind at 4:48 PM 0 comments
Labels: Music Theory, ဂီတစာကြည့်တိုက်
Wednesday, August 8, 2007
ထပ်ကြောက်တယ်
ကိုထီးတို့ လျှမ်းလျှမ်းတောက်ချိန်ကပေါ့
ဘယ်ရှိုးမှာမဆို သူ့သီချင်းဆိုမှ ဖြစ်တဲ့ခေတ်
တောင်ပေါ်သားတွေဆို ပိုဆိုးတယ်
ကိုထီး မှ ကိုထီးပဲ...
အဲဒီတော့ ရှမ်းအဆိုတော်တွေကလဲ
သူတို့ကိုယ်ပိုင်သီချင်းလဲဆို ကိုထီးသီချင်းလဲ ညှပ်ပြီး ဆိုကြရတယ်
အဲဒီမှာ ရှမ်းအဆိုတော် တယောက်ရဲ့ ပျော်စရာ အဖြစ်အပျက်လေးတခုက...
အဲဒီနေ့က သူဆိုဖို့ ရွေးထားတဲ့ သီချင်းက ကိုထီးရဲ့ hot သီချင်း
သီချင်းနာမည်က သန်းခေါင်ထက်နက်တဲ့ည ထင်တယ်...
ရင်ခွင်မှာထား ကြားက လေပြေသွေးတောင် မယုံနဲ့
ညအမှောင်တွေထဲ ပျောက်သွားမှာကို စိုးလှပါတယ် ဆိုတဲ့သီချင်း...
သူကလဲ အဲဒီသီချင်းကို ကြိုက်တယ်...
ဆိုတော့လဲ နှစ်ပြီးဆိုတာပေါ့...
mood အပြည့်နဲ့ အပီဟဲနေတုန်း
ရင်မှာလေ ထိတ်တယ်...စိတ်မှာလေ ကြောက်တယ် ဆိုတဲ့နေရာအရောက်
စာသားသေချာကျက်ထားတဲ့ကြားက ဘယ်ကနေ ဘယ်လိုဖြစ်တယ် မသိဘူး...
ရင်မှာလေ ထိတ်တယ် အစား ရင်မှာလေ ကြောက်တယ်လို့ ဆိုမိရော...
အဲဒီမှာ သူက ပြာသွားတာပေါ့...
ရင်မှာလေ ကြောက်တယ်လို့ ဆိုပစ်လိုက်တော့
စိတ်မှာလေ ကြောက်တယ် ကို ဘယ်လိုဆိုရမှန်းမသိတော့ဘူးလေ.....
အဲဒါနဲ့ ဆိုမိဆိုရာ ဆိုလိုက်တာက
ရင်မှာလေ ကြောက်တယ်
စိတ်မှာလေ ထပ်ကြောက်တယ် တဲ့...
Friday, August 3, 2007
နာမည်
ဂစ်တာတွေကို နာမည်ပေးတဲ့အကျင့် ရှိကြလား
ဂစ်တာတွေကို သက်ရှိတယောက်လို သဘောထားပြီး
နာမည်ပေးရတာ သဘောကျတယ်
ထူးဆန်းတာတခုက တချို့ ဂစ်တာတွေကို ကောင်မလေးလို့ ခံစားရပြီး
တချို့ဂစ်တာတွေက ကောင်လေး ဖြစ်နေတတ်တာပဲ
ပထမဆုံး ကိုယ်ပိုင်ရတဲ့ ဂစ်တာလေးက ကောင်မလေး
သူ့နာမည်ကို horizon လို့ ပေးထားတယ်
အဲဒီတုန်းက တဖြောင့်တည်း နေချင်ခဲ့ပုံရတယ်
ဂစ်တာအပေါ်မှာ ကိုလေးဖြူပုံ စတစ်ကာအကြီးကြီး ကပ်ထားတယ်
ဒုတိယ ဂစ်တာက ကလပ်စစ်ကယ် ဂစ်တာ
နှစ်တော်တော်များများ တူတူရှိခဲ့တဲ့ အဖော်ကောင်းလေး
သူ့နာမည်က heaven
နာမည်နဲ့လိုက်အောင်ပဲ သူနဲ့ နေရတဲ့ အချိန်တိုင်းဟာ ငြိမ်းချမ်းလွန်းခဲ့တယ်
သူကလဲ ကောင်မလေးပဲ
နောက်ပိုင်းတော့ နာမည်မပေးနိုင်တော့လောက်အောင် ဖြစ်သွားတယ်
အသစ်ရတဲ့ ဂစ်တာတွေကို သိပ်မတွယ်ငြိတော့တာလဲ ဖြစ်နိုင်တယ်
အခုနောက်ဆုံး ဂစ်တာလေးကိုတော့ တော်တော်ချစ်တယ်
ဒီတလုံးကိုတော့ ကောင်လေးလို့ ခံစားရတယ်
နာမည်ကို neo လို့ပေးထားတယ်
သူနဲ့ကျမှ ဂစ်တာတလက်ကို မြတ်နိုးငြိတွယ်တဲ့ စိတ်တွေ အသစ်ပြန်ဖြစ်လာလို့
အရင်ဂစ်တာတွေကို မြတ်နိုးတဲ့စိတ်တခုထဲနဲ့ ယုယုယယလေး နူးနူးညံ့ညံ့လေး ချစ်ခဲ့တယ်
ပျောက်ဆုံးသွားမှာ တစုံတရာ ထိရှသွားမှာ အရမ်းကို ပူပန်တတ်ခဲ့တယ်
အခုဂစ်တာကိုတော့ စိတ်ဒဏ်ရာတွေ ဘ၀အမောတွေ ဖြေပေးတဲ့
ရင်ခွင်တခုလို ခံစားမိတယ်
ကိုယ့်ရဲ့လိုအပ်ချက်ကို လိုက်ပြီး သူတို့ကို ကိုယ်ဖြစ်စေချင်သလို ပုံဖော်လိုက်တာ
သူတို့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ နာမည်တခုဆိုတာ
တကယ်တော့ ကိုယ့်အတွက် လက်ရှိအချိန်ရဲ့ လိုအပ်ချက်တခုပါပဲ
ဒီလိုပဲ ထင်တာပဲ
Posted by Color Blind at 11:54 AM 2 comments
Labels: စိတ်သွားရာ...